နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 24 November, 2015

DSC_0010

ထူးချွန်ထက်မြက်ပြီး အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာ တက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ နို၀င်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်၍ အမှာစကား ပြောကြား ခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်က ပညာရေးပြုပြင်ပြောင်းလဲမှု များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များမှ ဆရာ၊ ဆရာများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာဘာသာရပ်များကို စာတွေ့၊ လက်တွေ့ တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးကြရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိ၍ စည်းကမ်း ြပည့်ဝပြီး ကိုယ်ကျင့်တရားကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာအောင် လေ့ကျင့် သင်ကြားပေးသွားကြရမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် စာသင်နှစ်မှ အတွေ့အကြုံများကို အခြေခံပြီး လာမည့်ပညာသင်နှစ်အတွက် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် လိုအပ်သော စက်ပစ္စည်းများ၊ စာသင်ခန်း၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများကိုလည်း နှစ်စဥ်ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်အလိုက် ရေးဆွဲထားသည့် စီမံကိန်းများနှင့်အညီ နှစ်စဥ်ရန်ပုံငွေ တောင်းခံရေးကိစ္စများအား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

               ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများအနေဖြင့် နိုင်ငံတော်၏ မူဝါဒနှင့် ဝန်ထမ်းစည်းမျဥ်း၊ စည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်သွားကြရန် ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များစသည်ဖြင့် တက္ကသိုလ်အလိုက် စီမံခန့်ခွဲရေးဆိုင်ရာ အဖွဲ့များ၊ ဘာသာရပ်ဆိုင်ရာ ဌာနမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်း များ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်ပြည့်ဝအောင် (Capacity Development) တည်ဆောက်ပြီး စွမ်းဆောင်ရည် မြင့်မားတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တက္ကသိုလ် အလိုက် ရေးဆွဲထားသည့် Master Plan များကို ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

               နောင်တွင် Autonomous University များ ဖြစ်လာမည်ဖြစ်၍ မိမိတို့၏ တက္ကသိုလ် တစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များထားပြီး သုတေသနဆိုင်ရာ ကိစ္စရပ်များ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေး၊ ကျောင်းသားရေးရာနှင့် ဝန်ထမ်းရေးရာ ဆိုင်ရာ ကိစ္စရပ်များစသည်တို့ကို လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ တာဝန်ယူဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် သုတေသနအခြေပြု တက္ကသိုလ်များအဖြစ် ဖော်ဆောင်သွားကြရမည်ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များ ဖြစ်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန်က (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားမှု အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်(တာဝန်)များနှင့် ကျောင်းအုပ်ကြီးများက တက္ကသိုလ်အလိုက် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။

               ယင်းနောက် မွန်းလွဲပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ဒုတိယ အမြဲတမ်းအတွင်းဝန်က (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားမှုအခြေအနေ များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်(တာဝန်)များနှင့် ကျောင်းအုပ်ကြီးများက တက္ကသိုလ်အလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီးနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ဆွေးနွေးတင်ပြချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.