ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှုအတွက် အခြေခံအဆောက်အအုံဆိုင်ရာ အစည်းအဝေးကျင်းပ


Date : 8 December, 2015

p1

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့ပူးပေါင်း၍ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှုအတွက် အခြေခံအဆောက် အအုံဆိုင်ရာ အစည်းအဝေးကို နေပြည်တော်၊ ရွှေနန်းတော်ဟိုတယ်တွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့က ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နျူကလီးယားစွမ်းအင်သည် လူသားတို့ ကောင်းကျိုးအတွက် အရေးပါသည့် စွမ်းအင်ဖြစ်ပါကြောင်း၊ ထိုစွမ်းအင်အရင်းအမြစ်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စက်ရုံလုပ်ငန်းများနှင့် လူနေမှုဘဝကို အဘက်ဘက်မှ တိုးတက် ဖွံ့ဖြိုးရေးအတွက် အသုံးပြုလျက်ရှိပြီး အဆိုပါ နျူကလီးယားစွမ်းအင်အား နိုင်ငံတိုင်းတွင် သုံးသင့်၊ မသုံးသင့် စဉ်းစားဆုံးဖြတ်နေရပါကြောင်း၊ အခြားတစ်ဘက်မှလည်း နျူကလီးယား ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လုံခြုံရေးအဆင့်အတန်းကို သေချာစေရန်အတွက် ထိန်းသိမ်းထားရှိရန် မရှိမဖြစ်လိုအပ်ပါကြောင်း၊ အသုံးပြုပြီး လောင်စာများအား နျူကလီးယား လက်နက်အသွင် ပြန်လည်ပြုလုပ်ခြင်းဖြင့် တလွဲအသုံးပြုမှုကို ဟန့်တားခြင်းနှင့် နျူကလီးယား လက်နက် မပြန့်ပွားရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို အဆင်‌ပြေချောမွေ့ စေရန် ကူညီပေးနေသည့် IAEA ၏ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ်သည် အပြည်ပြည် ဆိုင်ရာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လုံခြုံရေးကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း။

               မြန်မာနိုင်ငံသည် နျူကလီးယားစွမ်းအင်အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြား နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်အောင် ကြိိုးစားနေပါကြောင်း၊ အမျိုးမျိုးသော အခန်းကဏ္ဍ များတွင် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ အဆောက်အအုံကို မြှင့်တင် ထားပြီး အပြည်ပြည်ဆိုင်ရာ နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် လုံခြုံရေးကို လိုက်နာ ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် နျူကလီးယား အဆောက်အအုံ မရှိသော်လည်း ရေဒီယိုသတ္တိကြွပင်ရင်းများအား ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ တိရစ္ဆာန် မွေးမြူရေးကဏ္ဍ၊ သုတေသနနှင့် ပညာရေးကဏ္ဍတို့တွင် အသုံးပြုနေပါကြောင်း၊ အသုံးပြုပြီး ရေဒီယိုသတ္တိကြွပစ္စည်းများအား ပင်ရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပြီး အဏုမြူစွမ်းအင် ဦးစီးဌာနတွင်လည်း IAEA ၏ ဘေးကင်းရေး စံချိန်စံညွှန်းများအပေါ်တွင် အခြေခံ၍ သိမ်းဆည်းထားရှိပါကြောင်း၊ ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှုအတွက် အခြေခံအဆောက်အအုံကို တည်ဆောက်ရာတွင် နိုင်ငံအချင်းချင်း ညှိနှိုင်းတိုင်ပင်မှု၊ သတင်း အချက်အလက်ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အတွေ့အကြုံဖလှယ်မှုတို့ဖြင့် အပြန်အလှန် စိတ်ဝင်စားမှုရှိပါကြောင်း၊ နျူကလီးယားအစီအစဥ်ကို မြှင့်တင်ရေးနှင့် အာရှ-ပစိဖိတ်ဒေသတွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများကို ရွေးချယ်ရေးနှင့် အောင်မြင်အောင် ဆောင်ရွက်‌ရေးလုပ်ငန်းများ ပြန့်ပွားစေရေးနှင့် စပ်လျဥ်းသည့် အသိပညာများလည်း တိုးတက် ရရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။

               အဆိုပါ အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)မှ ကျွမ်းကျင်သူများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒုိနီးရှားနိုင်ငံ၊ အီရန်နိုင်ငံ၊ အီရတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ နီပေါနိုင်ငံ၊ ပါလက်စတိုင်း နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၉) ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ဒီဇင်ဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

p2



Bookmark the permalink.

Comments are closed.