အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ ပေါ်ထွက်လာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 15 December, 2015

IMG_4651

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုသာမက လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ ကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် များစွာအထောက်အကူပေးနိုင်သော အမျိုးသားအဆင့် အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်မဟာဗျူဟာ (National Intellectual Property Strategy) ပေါ်ထွက်လာရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက ပြောကြားရာတွင် အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ ပေါ်ထွက်လာရေးအတွက် ဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ သာမက နိုင်ငံသားများအားလုံးနှင့်လည်းသက်ဆိုင်နေပြီး ပြည်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်မှ သာလျှင် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization – WIPO) နှင့် ဆက်သွယ် ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပြီး အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများဖြစ်သော ကုန်အမှတ် တံဆိပ်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ရန်အတွက် လွှတ်တော်တွင်တင်ပြထားပြီးဖြစ်ပါကြောင်း။

               ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) မှ မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်မူဝါဒများ ပေါ်ထွက်လာရေးအတွက် ပထမအကြိမ် အစီရင်ခံစာ မူကြမ်းကို ပေးပို့လာပြီး ယင်းမူကြမ်းအပေါ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သုတေသနဌာနများ၊ တက္ကသိုလ်များ၊ အစိုးရမဟုတ်သော အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်အဖွဲ့အစည်းများထံသို့ သဘောထား မှတ်ချက်များကို တောင်းခံထားပြီးဖြစ်၍ WIPO မှ ပေးပို့လာသော အစီရင်ခံစာမူကြမ်းတွင် ထပ်မံထည့်သွင်းလိုသည့် အချက်အလက်များနှင့် အကြံပြုချက်များရှိပါက ထည့်သွင်းနိုင်ရန်နှင့် မူကြမ်းတွင်ပါဝင်သော အချက်အလက်များအား ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ယခုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

               အဆိုပါ အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အသိဉာဏ်ပစ္စည်းမူပိုင်ခွင်‌့ ရုံးများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) မှ ကိုယ်စားလှယ်များနှင့် အခြားသော ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အမျိုးသားအဆင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် မဟာဗျူဟာ (National Intellectual Property Strategy) ပေါ်ထွက်လာရေးအတွက် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာနှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြ‌ပြီး အစည်းအဝေးကို ဒီဇင်ဘာ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.