National Spatial Data Infrastructure – NSDI စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး


Date : 17 February, 2016

????????????????????????????????????

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနတို့မှကြီးမှူးပြီး ဂျပန်နိုင်ငံ၊ Center of the International Cooperation for Computerization – CICC ဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော National Spatial Data Infrastructure – NSDI စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီ စတုတ္ထအကြိမ်အစည်း အဝေးကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ စုဝေးခန်းမ၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

               ဒုတိယ၀န်ကြီးက ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ၊ Ministry of Economy, Trade and Industry (METI) ဝန်ကြီးဌာနတို့ကကြီးမှူး၍ ကျင်းပခဲ့သော NSDI စီမံကိန်းဆိုင်ရာ Promotion Seminar များ၊ ယခင်အစည်းအဝေးများမှ ရရှိလာသော ဆွေးနွေးချက်များ၊ အကြံပြုချက်များ အပေါ်မူတည်လျက် ဆပ်ကော်မတီကြီး (၂) ခု ဖွဲ့စည်းလျာထားခဲ့ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့ အစည်းများအလိုက် ဆပ်ကော်မတီဝင်ပုဂ္ဂိုလ်များ လျာထားသတ်မှတ်ခြင်း၊ ဆပ်ကော်မတီဝင် များ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

               ယနေ့ ကျင်းပသော စတုတ္ထအကြိမ်အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ The Overseas Human Resources and Industry Development Association (HIDA) မှ ပူးပေါင်းပါဝင် လျက် ဆပ်ကော်မတီတစ်ခုချင်းအလိုက် လုပ်ငန်းတာဝန်များအား အသီးသီးဆွေးနွေး ကြမည်ဖြစ်ပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဥ်များအား ဆုံးဖြတ်သွားကြရမည်ဖြစ်သဖြင့် NSDI စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များမှလည်း ဆွေးနွေးညှိနှိုင်းသွား ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ ရေးဆွဲခြင်းနှင့် မူဝါဒများချမှတ်ရာတွင် ဝန်ကြီးဌာနများအကြား သတင်းအချက်အလက်စီးဆင်းမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရေးသည် အထူးအရေးပါသောကြောင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှလည်း ပူးပေါင်း ဆွေးနွေးကြစေလိုပါကြောင်း။

               NSDI စနစ်သည် ဝန်ကြီးဌာနအသီးသီးမှဆောင်ရွက်မည့် စီမံကိန်းများအချင်းချင်းအကြား မူဝါဒညှိနှိုင်းဖော်ထုတ်နိုင်ရန် လိုအပ်သောသတင်းအချက်အလက်စီးဆင်းမှု လွယ်ကူချောမွေ့ စေမည့် Platform အဖြစ် ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖော်ဆောင်သည့်စနစ်ဖြစ်ရာ NSDI ကော်မတီက ချမှတ်ထိန်းသိမ်းပေးမည့် Data Sharing မူဝါဒများနှင့်အညီ အစိုးရဝန်ကြီးဌာန အသီးသီးသာမက တိုင်းဒေသကြီးအစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများကပါ လိုအပ်သော အချက်အလက်များကို ရယူအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ NSDI စနစ်တွင် Data Infrastructure သည် အစိတ်အပိုင်း တစ်ခုသာလျှင်ဖြစ်ပြီး စနစ်တစ်ခုလုံးချောမွေ့စွာ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ ကော်မတီကချမှတ်ပေးမည့် Data Sharing မူဝါဒများစသည့် အခြားအစိတ်အပိုင်းများစွာ လည်း လိုအပ်မည်ဖြစ်သောကြောင့် ဝန်ကြီးဌာနများအကြား သတင်းအချက်အလက်စီးဆင်းမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးသည် အထူးအရေးပါ လိုအပ်လျက်ရှိသဖြင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ဆွေးနွေးကြစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

               ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်စွာစိုးနှင့် ဂျပန်နိုင်ငံ၊ Ministry of Economy, Trade and Industry (METI) မှ တာဝန်ရှိသူတို့က NSDI စနစ်နှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ် များ၊ ဂျပန်နိုင်ငံ၊ METI ၊ CICC နှင့် HIDA တို့မှ တာဝန်ရှိသူများက မြန်မာ NSDI စနစ်နှင့် ပတ်သက်သော အချက်အလက်များ၊ အခြေခံမူဝါဒများချမှတ်နိုင်ရေးနှင့် ရေှ့ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ အစည်းအဝေးကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.