နည်းပညာနှင့် သက်မွေးသင်ကျောင်းသားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင်ထွက်ခွာ


Date : 9 May, 2016

received_715575005211962

received_715575005211962

နေပြည်တော်၊ ‌မေ ၉

            မြန်မာ-တရုတ်နှစ်နိုင်ငံကြား နည်းပညာနှင့်သက်မွေးပညာသင် ကျောင်းသားများ စေလွှတ်ရေး အစီအစဉ်အရ မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ ကျင်းစု ပြည်နယ် ပညာရေးဌာန၊ မြန်မာ-တရုတ်ချစ်ကြည်ရေး(ဗဟို)နှင့် တရုတ်-မြန်မာချစ်ကြည်ရေး အသင်း (ပေကျင်းမြို့) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပညာရေးဝန်ကြီးဌာန(ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်နှင့်၊ အစိုးရနည်းပညာကောလိပ်၊ စက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာအထက်တန်း ကျောင်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန(မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်နှင့် သမဝါယမတက္ကသိုလ်၊ ကောလိပ်) တို့မှ ပထမအသုတ် ကျောင်းသား၊ ကျောင်းသူ (၃၆) ဦး သည် မေလ ၈ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နန်ကျင်းမြို့သို့ ထွက်ခွာသွားကြသည်။

            ပညာသင်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနကိုယ်စား သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးနှင့် နည်းပညာ နှင့်သက်မွေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတက္ကသိုလ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ပါမောက္ခနှင့် ကျောင်းအုပ်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူးနှင့် သံရုံးအဖွဲ့ဝင်များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၊ ဒုတိယ ဥက္ကဋ္ဌ၊ ဦးစိုးဝင်းနှင့် အလုပ်အမှုဆောင်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်း (ရန်ကုန်ရုံးခွဲ)၊ တာဝန်ခံနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

            ၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်း တရုတ်နိုင်ငံ၊ ကွေ့ရန်မြို့တွင် ကျင်းပခဲ့သည့် China-ASEAN TVET EXPO, 8th China-ASEAN Education Week ၌ မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းစုပြည်နယ်၊ ပညာရေးဌာနတို့ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုအရ ကျန်းစုပြည်နယ်ရှိ NanJing Institute of Industry Technology၊  Yangzhou Polytechnic Institute၊ Changzhou Vocational Institute of Engineering နှင့် Jiangsu Agri-animal Husbandry Vocational College တို့တွင် နည်းပညာနှင့်သက်မွေးပညာရပ်များ သင်ယူ နိုင်ရေးအတွက် ပညာသင်ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်၍ စာမေးပွဲများ ဖြေဆိုအောင်မြင်သူများကို စေလွှတ်ခြင်း ဖြစ်သည်။ ဒုတိယအသုတ် ကျောင်းသား၊ ကျောင်းသူ (၅၁) ဦးကိုလည်း မေလ ၉ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင် ဆက်လက်စေလွှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.