ကျွမ်းကျင်မှုအခြေပြု ကာလတိုနည်းပညာနှင်‌့သက်မွေးပညာသင်တန်းများ ဖွင့်ပွဲအခမ်းအနား


Date : 12 May, 2016

????????????????????????????????????

????????????????????????????????????

????????????????????????????????????

 

နေပြည်တော်၊ မေ ၁၂

            ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ ပူးပေါင်း၍ ကျွမ်းကျင်မှုအခြေပြု ကာလတိုနည်းပညာနှင့်သက်မွေးပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

            ပြည်ထောင်စု၀န်ကြီးက ပြောကြားရာတွင် နည်းပညာနှင့်သက်မွေးပညာရေး ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဝသည့် လုပ်သားအင်အားတစ်ရပ် စဉ်ဆက်မပြတ်ပေါ်ထွန်းလာရေးသည် နိုင်ငံ၏ လူမှု၊ စီးပွားရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအရေးကြီးပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် တွေ့ကြုံရသည့် အဓိကစိန်ခေါ်မှု တစ်ရပ်မှာ ဒေသအလိုက် ကျွမ်းကျင်သည့်လုပ်သားအင်အား လိုအပ်ချက်ပင်ဖြစ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်ကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန အနေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ပူးပေါင်းပြီး ကျွမ်းကျင်မှုဆိုင်ရာ ကာလတိုသင်တန်းများကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း အားဖြင့် နိုင်ငံတော်အတွက် လုပ်ငန်းခွင်လိုအပ်ချက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြား သည်။

            ဆက်လက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Country Director ဖြစ်သူ Mr. Winfriend Wicklein မှ အဆိုပါကျွမ်းကျင်မှုဆိုင်ရာကာလတိုသင်တန်းများ ဖွင့်လှစ်ရခြင်း အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

            ဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၄) ဦး တက်ရောက်ကြပါသည်။

            အဆိုပါ သင်တန်းများသည် ပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီး ဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့ပူးပေါင်း၍ ပထမ အဆင့်အနေဖြင့် အုတ်စီကျွမ်းကျင် သင်တန်း (Bricklaying)၊ သံချည်သံကွေးကျွမ်းကျင်သင်တန်း (Barbending) သင်တန်းများ စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလ (၃) လ ကြာမြင့်မည်ဖြစ်ရာ မူလတန်းအောင် အသက် (၁၈) နှစ်နှင့် အသက် (၄၀) နှစ် အထက်ကျော်လွန်သူများ တက်ရောက်နိုင်ကြောင်း၊ သင်တန်း တစ်ခုစီတွင် သင်တန်းသား၊ သင်တန်းသူ (၁၂) ဦးစီ လက်ခံသင်ကြားပေးလျက်ရှိပြီး သင်တန်းကြေး အခမဲ့နှင့် နေထိုင်ရန်အဆောင်များလည်း စီစဉ်ပေးထားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 



Bookmark the permalink.

Comments are closed.