ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


Date : 7 November, 2016

20161102_140702

20161102_140702

နေပြည်တော်၊ နိုဝင်ဘာ ၆

            ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ (၃) ရက်နေ့ အထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ညီလာခံ (Global HR Forum 2016) ကို တက်ရောက်ခဲ့ပါသည်။

            ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ ပညာရေး ဝန်ကြီးဌာန၊ ဝန်ကြီး H. E. Dr. Lee Joonsik က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံပေါင်း (၆၁) နိုင်ငံမှ ကိုယ်စားလှယ် (၃၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး စာတမ်းရှင်များ၊ ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင်စာတမ်းစုစုပေါင်း (၁၀၀) ခန့် ဖတ်ကြားခဲ့ကြသည့်အပြင် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ နည်းဗျူဟာများ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

            အဆိုပါညီလာခံတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သည် “The Digital Education Revolution and the Future of Higher Education of Myanmar” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးစနစ်၊ အမျိုးသား ပညာရေးမူဝါဒပါ လုပ်ငန်းများဆောင်ရွက်နေမှု၊ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် နည်းပညာ နှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် Digital Education ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

            အဆိုပါနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်‌ အဖွဲ့သည့် Hanyang University သို့ သွားရောက်လေ့လာခဲ့ပြီး Hanyang University ၏ President ဖြစ်သူ Mr. Lee Yong Moo နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတက္ကသိုလ်များနှင့် Hanyang University တို့ချိတ်ဆက်၍ အင်ဂျင်နီယာအထူးပြုဘာသာရပ်များ၊ စီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာဘာသာရပ်များတွင် အခြားဘာသာရပ်ဆိုင်ရာ နယ်ပယ်များနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။

         ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ (၃) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနသို့ ရောက်ရှိပြီး နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်၍ နားလည်မှုစာချွန်လွှာအား နှစ်နိုင်ငံပညာရေး ဝန်ကြီးများမှ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပြီး အနာဂတ်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါသည်။

            ဆက်လက်၍ Sejong City သို့ သွားရောက်၍ Korea Research Institute of Vocational Education and Training တွင် နည်းပညာ၊ သက်မွေးပညာနှင်‌့ လေ့ကျင့်ရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ကြပြီး Sejong City Office of Education သို့ ဆက်လက်သွားရောက်၍ အခြေခံပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံတွင် Digital Smart Class Room များ လှူဒါန်းကူညီရေးနှင့် ‌လိုအပ်သောဆရာ၊ ဆရာမများ လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြပါသည်။

       ထို့နောက် Hansol Elementary School (Smart Classroom) တွင် ကိုရီးယား ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနေမှုကို ကြည့်ရှုခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဆိုးလ်မြို့၊ Sheraton Palace Hotel တွင် Korean Council for University Education မှ General Secretary ဖြစ်သူ Mr. Chun Chan Hwan နှင့်‌ တွေ့ဆုံ၍ အဆင့်မြင့်ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။

            နိုဝင်ဘာ (၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင်‌့အဖွဲ့သည် Sudo Electric Technical High School (Energy Meister) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများမှ ကျောင်းဆိုင်ရာအချက်အလက်များ၊ စာသင်ခန်းများ၊ အလုပ်ရုံများသို့ လှည့်လည် ရှင်းလင်းပြသ ခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် Korean Educational Development Institute သို့ရောက်ရှိပြီး နှစ်နိုင်ငံပူးပေါင်း၍ ပညာရေးဆိုင်ရာသုတေသနဆောင်ရွက်ရေး၊ သုတေသီများအပြန်အလှန်စေလွှတ် နိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြပါသည်။

            ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ကိုရီးယားသမ္မတနိုင်ငံခရီးစဉ်တွင် အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသိန်းဝင်းနှင့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူချုပ်၊ ဒေါက်တာစိုင်းကျော်နိုင်ဦးတို့ လိုက်ပါသွားခဲ့ကြောင်း သတင်းရရှိပါသည်။

 

20161103_082110

received_811194525650009(1)

 

 



Bookmark the permalink.

Comments are closed.