နည်းပညာနှင့် သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့် အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ


Date : 11 January, 2017

DSC_0216

နေပြည်တော်၊ ဇန်နဝါရီ ၁၀

            ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့(Korea Research Institute for vocational Education and Training-KRIVET) တို့ပူးပေါင်းပြီး အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု ၏ တီထွင်ဆန်းသစ်သည့်အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Technical and Vocational Education and Training-TVET Innovative Outreach Knowledge Sharing Program) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နေ့လည် ၁၂ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နည်းပညာနှင့် သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး (Technical and Vocational Education and Training-TVET) တိုးတက်ရေးသည် နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊             နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားအင်အား ဖွံ့ဖြိုးလာစေရေး တို့အတွက် နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ၏ အရေးပါမှုအား သိရှိနားလည်ခြင်း၊ သင်ရိုး ညွှန်းတမ်း ပြုစုရေးဆိုင်ရာများ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ သက်ဆိုင်ရာ ဘာသာရပ်များတွင်ကျောင်း၊ သိပ္ပံများနှင့် စက်ရုံအလုပ်ရုံများ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ရန် ရည်ရွယ်၍ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယား သုတေသနအဖွဲ့ (KRIVET) နှင့် ပူးပေါင်းဆောင်ရွက်သည့် ယနေ့ဆွေးနွေးပွဲမှ မိမိတို့နိုင်ငံ နည်းပညာသက်မွေးပညာကဏ္ဍ တိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ မြန်မာ-ကိုရီးယား နှစ်နိုင်ငံပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများအား ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

            ထို့နောက် သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့ (Korea Research Institute for Vocational Education and Training-KRIVET) မှ ဥက္ကဌဖြစ်သူ Mr. Lee Yong Soon က အမှာစကားပြောကြားခဲ့ပါသည်။

            အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆိုင်ရာ ကိုရီးယားသုတေသနအဖွဲ့ (KRIVET) မှ တာဝန်ရှိသူများနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးနှင့်သက်ဆိုင်သော ဝန်ကြီးဌာန များမှ ကိုယ်စားလှယ် (၄၀) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှု၏ တီထွင်ဆန်းသစ်သည့်အကြံဉာဏ်များ ပြန်လည်မျှဝေဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DSC_0216



Bookmark the permalink.

Comments are closed.