နည်းပညာနှင့် သက်မွေးပညာသင်ကျောင်းသားများ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင်ထွက်ခွာ


Date : 28 February, 2017

p2

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နည်းပညာနှင့် သက်မွေးပညာ ဖလှယ်ရေးအစီအစဉ်အရ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း(CPAFFC)၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နှင့် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မန္တလေးတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဆေးဝါးတက္ကသိုလ်(ရန်ကုန်)တို့မှ ကျောင်းသား၊ ကျောင်းသူ (၈၅) ဦးတို့သည် ဒုတိယအသုတ်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင်သွားရောက်ရန် ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားကြသည်။

ပညာတော်သင်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနကိုယ်စား နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ အေးမြင့်၊ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူးနှင့် သံရုံးအဖွဲ့ဝင် များ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဒုတိယဥက္ကဌ ဦးစိုးဝင်း၊ အလုပ်အမှုဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတကာ ပညာရေးဖလှယ်ရေးအသင်း(CEAIE)၊ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) တို့အကြား ပူးပေါင်းဆောင်ရွက်မှုအရ Tianjin Sino-German University of Applied Science၊ Chongqing Industry & Trade Polytechnic၊ Chongqing Three Gorges Vocational College၊ Wuhan Polytechnic၊ Nanjing Institute of Industry Technology၊ Suzhou Health College နှင့် Zhejiang Institute of Mechanical & Electrical Engineering, Hangzhou တို့တွင် နည်းပညာနှင့် သက်မွေးပညာရပ်များ သွားရောက်သင်ယူနိုင်ရေးအတွက် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးချယ်၍ အရည်အချင်းစစ်စာမေးပွဲဖြေဆိုအောင် မြင်သူများအား စေလွှတ်ခြင်းဖြစ်သည်။

ပထမအသုတ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူ (၈၇)ဦးတို့သည် ၂၀၁၆ ခုနှစ်၊ မေလ အတွင်း၌ တရုတ်ပြည်သူ့သမ္မနိုင်ငံသို့ သွားရောက်ခဲ့ကြပြီး နန်ကျင်း၊ ယန်ကျိုး၊ ထိုက်ကျိုးနှင့် ချန်ကျိုးမြို့များရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် နည်းပညာနှင့် သက်မွေးပညာရပ်များကို လေ့လာသင်ယူလျက်ရှိကြောင်းသတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.