ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အုပ်ချုပ်မှုသင်တန်းကျောင်း သင်တန်းသို့သွားရောက်


Date : 23 July, 2017

20232123_1870340966619081_2309205839933573811_o

23 7 Ygn(Mingaladong)

ရန်ကုန် ဇူလိုင် ၂၃

     ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် စာရေး(၃)နှင့် အဆင့်တူဝန်ထမ်းများ မွမ်းမံသင်တန်းသို့ သွားရောက်သည်။

    ရှေးဦးစွာ သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများက စာရေးဝန်ထမ်းများ ခန့်အပ်ပေး နိုင်ရေး၊ ဝန်ထမ်းများ ရာထူးအဆင့်တိုးမြှင့်ခန့်ထားရေး၊ ကျောင်းဆောင်များ တိုးမြှင့်ဆောက်လုပ်ရေး၊ KG တန်းကလေးငယ် များ ပညာသင်ကြားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။

  ယင်းနောက် ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေး၀န်ကြီးဌာနအနေဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်များ တိုးမြှင့်ဆောက်လုပ်ပေးလျက်ရှိရာတွင် ဦးစားပေးအလိုက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်ဖြစ်လာစေရန် သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများ၊ ကျောင်းသား ဆရာအချိုးမျှတစေရန်နှင့် ကျောင်းသား စာသင်ခန်းအချိုးညီမျှစေရန် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ရေး၊ ကျောင်းထွက်သူပပျောက်ရေးနှင့် ကျောင်းသား ကျောင်းသူများအားလုံး သင်ယူ တတ်မြောက်မှု အရည်အသွေးမြင့်မားရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်ပေးရန်၊ တီထွင်ကြံဆတတ်သည့် လူသားကောင်းများဖြစ်လာစေရန် သင်ကြားလေ့ကျင့်ပြုစု ပျိုးထောင် ပေးရန် အရေးကြီးပါကြောင်း၊ အမှန်အမှားဝေဖန်ပိုင်းခြားနိုင်သော စဉ်းစားတွေးခေါ်မှုကိုဖွံ့ဖြိုးစေသည့် ပညာရေးစနစ်ဖြစ်ရန် လိုအပ် ပါကြောင်း၊ ကျောင်းများတွင်ရှိသည့် စာကြည့်တိုက်တွင် တစ်ပတ်တစ်ကြိမ်စာဖတ်ရန်နှင့် အားကစားလုပ်ရန် အနည်းဆုံး တစ်ချိန် ပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းထောက်ပံ့ကြေးများကို အကျိုးရှိရှိထိရောက်စွာ ကော်မတီဖြင့် အသုံးပြုရန်လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ရုံး၀န်ထမ်းများ တာ၀န်ကျနေရာတွင် တာ၀န်ကျေပွန်စွာ ထမ်းဆောင်ရန် ဖြစ်ပါကြောင်း၊ စာရင်းအချက်အလက်များ မှန်ကန်ပြီးပြည့်စုံမှုရှိရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ ရာထူးအဆင့် တိုးမြှင့်ရေးသည် အဆင့်ဆင့်မှ တင်ပြလာသည့် တန်းစီ ဇယားပြုစု တင်ပြမှုပေါ်တွင် မူတည်ပါကြောင်း၊ မှန်ကန်သည့် စာရင်းဇယား များပြုစုတင်ပြနိုင်မှသာလျှင် ဆက်လက် ဆောင်ရွက် ပေးနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအနေဖြင့် ငွေကြေးလုံး၀မကောက်ခံရန်၊ ပစ္စည်းလက်မခံရန်၊ လစာခရီးစရိတ် မဖြတ်တောက်ရန်နှင့် ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲရာတွင် ညီညီညွတ်ညွတ်နှင့် ကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်ပြီး မိသားစု စိတ်ဓာတ်ဖြင့် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။

     အဆိုပါ သင်တန်းတွင် ရုံးလုပ်ငန်းပိုင်းဆိုင်ရာသင်ခန်းစာများကို သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာရေး(၃)နှင့် အဆင့်တူ၀န်ထမ်း သင်တန်းသား သင်တန်းသူ (၁၈၇) ဦးတက် ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင်လ(၁၃)ရက်မှ သြဂုတ်လ(၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.