ပုဂ္ဂလိကကဏ္ဍ လူးသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကျင်းပ


Date : 23 July, 2017

4

23 7 SME(Pathein)

ပုသိမ် ဇူလိုင် ၂၃

       ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ခြင်း နှီးနှောဖလှယ်ပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီတွင် ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ် မင်္ဂလာခန်းမ၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

   ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လူသား အရင်းအမြစ်များ ပြုစုပျိုးထောင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ပညာရေး ၀န်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မှု၀ါဒပါ ကဏ္ဍများဖြစ်သည့် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေးတို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေ ပါကြောင်း၊ အခြေခံပညာရေးတွင် သူငယ်တန်းပညာရေး KG+12 အတွက် သင်ရိုးညွှန်းတန်းများ ပြုပြင်ရေးဆွဲလျက်ရှိရာ သူငယ်တန်း KG၊ ပထမတန်း (Grade -1)များကို အရည်အသွေးကောင်း မွန်စွာနဲ့ စတင်သင်ကြားနေပြီ ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာရေးတွင်လည်း ပုဂ္ဂလိကလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းလိုအပ်ချက်များနှင့် ကိုက်ညီသော လူသားအရင်းအမြစ်များရရှိရေး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သော အခြေခံအချက်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ညှိနှိုင်းဆောင်ရွက် ရမည့် ကိစ္စရပ်များကို ယခုနှီးနှောဖလှယ်ပွဲတွင် တွေ့ဆုံညှိနှိုင်းအဖြေရှာရမည် ဖြစ်ပါကြောင်း၊ ဧရာ၀တီတိုင်းဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေး အဓိကထားဆောင်ရွက်လျက် ရှိကြသော်လည်း စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်မရှိသေးပါကြောင်း၊ ပညာရေး၀န်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်ဖြစ် သည့် ဒေသတွင်းလုပ်ငန်းများအတွက် လိုအပ်သော လက်တွေ့ကျွမ်းကျင်မှုလိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး၊ ဒေသမှ တောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစား စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့် သင်တန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်ရေးအစီအစဉ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်း၀န်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိဒေသအကျိုးဖွံ့ဖြိုး တိုးတက်အောင် လက်တွေ့ကူညီဆောင်ရွက်နိုင်မည့် ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးရမည် ဖြစ်ကြောင်း၊ သက်မွေး၀မ်းကျောင်း ပညာရေးအောင်မြင်သည့် လူငယ်များအနေဖြင့် အလုပ်အကိုင်နှင့် လစာကောင်းများ ရရှိနိုင်သလို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ခြင်းသာမက ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ စိတ်ပါ၀င်စားသော နယ်ပယ်များတွင်လည်း ပူးပေါင်းပါ၀င် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ယနေ့နှီးနှောဖလှယ်ပွဲ၏ ရည်ရွယ်ချက်အောင်မြင်နိုင်ရေး ဝိုင်း၀န်းဆွေးနွေး ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

    ဆက်လက်၍ ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဒေါက်တာလှမြတ်သွေး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာမျိုးသက်၊ ဧရာ၀တီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦး၀င်းမြင့်လှိုင်တို့က အမှာစကားပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး နှီးနှောဖလှယ်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။

   ယနေ့ အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး၀င်းမော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ ဧရာ၀တီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ သက်မွေးပညာကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ ပြည်တွင်းပြည်ပ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.