ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အဆင့်မြင့်ပညာကဏ္ဍ) ပိတ်ပွဲကျင်းပ


Date : 25 June, 2017

5

25 6 Edu devp (H close)

ရန်ကုန် ဇွန် ၂၅

   ၂၀၁၇ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ဆက်လက်ကျင်းပသည်။

     နှီးနှောဖလှယ်ပွဲတွင် စာတမ်းရှင်များက ဇွန်လ(၂၄)ရက်နေ့တွင် တက္ကသိုလ်များတွင် Faculty များ ဖွဲ့ စည်းတည်ထောင်ရေး စာတမ်း၊ ဆရာ၊ ကျောင်းသားဆိုင်ရာကိစ္စရပ်များ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးစာတမ်း၊ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြင့်တင်ဖွင့်လှစ်နိုင်ရေး စာတမ်း၊ Credit Transfer System ကို အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် လက်တွေ့ကျင့်သုံး နိုင်ရေးစာတမ်း၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက် များဖြည့်ဆည်းနိုင်ရေးစာတမ်း (၅)စောင်ဖတ်ကြား တင်သွင်းခဲ့ပြီး ယနေ့တွင် စာတမ်းတက္ကသိုလ် ဝင်ခွင့်လမ်းညွှန်(မူကြမ်း)ပြင်ဆင်ပြုစုရေး၊ တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာ များလက်ခံခြင်းနှင့် တက္ကသိုလ်ပြောင်း၊ ဘာသာရပ်ပြောင်းလျှောက်ထားလာခြင်းအပေါ် ဆောင်ရွက်နိုင်ရေး စာတမ်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် Internal Quality Assurance ကို ပီပြင်စွာကျင့်သုံးနိုင်ရေးနှင့် တက္ကသိုလ်များ၏ Ranking သတ်မှတ်နိုင်ရေး စာတမ်း၊ ဆရာ၊ ဆရာမများ၏ ရာထူးတိုး/ပြောင်းရေးမူများ သတ်မှတ်နိုင်ရေးစာတမ်း၊ အရည်အသွေးပိုမို ကောင်းမွန်သော အဝေးသင် ပညာရေးစနစ်ပေါ်ထွက်လာရေး စာတမ်း၊ ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်းများ အရည်အသွေးမြင့်မားရေး အားပေး ဆောင်ရွက်ရေးစာတမ်းစသည့် စာတမ်း(၅)စောင်တို့ကို ဖတ်ကြားတင်သွင်းကြရာ တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခဲ့ ကြသည်။

    ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက စာတမ်းအလိုက် ညှိနှိုင်း ရရှိချက်များကို အကြံပြုဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲအတည်ပြုခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

    အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာ စကားပြော ကြားရာတွင် ပညာရေးဝန်ကြီးဌာနက မူလတန်းသင်ရိုးသင်ယူသူများ အားလုံး မူလတန်းပညာသင်ယူပြီးမြောက်ပြီး အလယ်တန်းပညာ ဆက်လက်သင်ယူပြီးမြောက်သည့်အခါတွင် သင်ယူသူ၏ဝါသနာ၊ ဆန္ဒနှင့်အရည်အချင်းအရ နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများ တက်နိုင်မည့် အခွင့်အလမ်းပိုမိုရရှိရေး၊ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိအောင် တွန်းအားပေးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်း သူများအားလုံး လူသားကောင်းများဖြစ်လာရေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သောစိတ်ဓာတ်ဖြင့် တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်ရေး၊ တီထွင်ကြံဆမှု စွမ်းရည်မြင့်မားရေးအတွက် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး ပြုစုကြိုးပမ်းလျက်ရှိပါကြောင်း၊ ဇွန်လ(၂၄) ရက်နှင့် (၂၅)ရက်နေ့တို့တွင် တင်သွင်းသည့် စာတမ်း(၁၀)စောင်နှင့် ဗြိတိသျှကောင်စီမှ လေ့လာဆန်းစစ်အကြံပြု ချက်အစီရင်ခံစာများသည် ပိုမိုတန်ဖိုးရှိ သည့်ပညာရေးကို ဦးတည်ပြုပြင်ပြောင်းလဲဆောင် ရွက်နိုင်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် အရေးပါသည့် စာတမ်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးနှီးနှော ဖလှယ်ပွဲ(အဆင့်မြင့် ပညာကဏ္ဍ)သည် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျောင်းသားကျောင်း သူများအတွက် အမျိုးသားပညာရေးဥပဒေ၊ ပြင်ဆင်သည့်ဥပဒေနှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း(၂၀၁၆-၂၀၂၁)တို့နှင့်အညီ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေး ခရီးရှည်အတွက် စတင်လိုက်သည့်ခြေလှမ်း၊ အောင်မြင်မှု၏အစအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ဖြင့်ပြောကြားသည်။



Bookmark the permalink.

Comments are closed.