
ရန်ကုန် ဧပြီ ၃
ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ကြီးမှူးကျင်းပသော Sports Forum ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦး၀င်းမော်ထွန်း၊ ပညာရေး၀န်ကြီးဌာန နှင့်ဆက်စပ်လျက်ရှိသော ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်း၀န်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်ကာယ ပညာ ကော်မတီဥက္ကဋ္ဌ များ၊ တက္ကသိုလ်အသီးသီးမှ အားကစားတာ၀န်ခံများနှင့် တာ၀န်ရှိသူများ၊ အာဆီယံတက္ကသိုလ် အားကစားပွဲများ ယှဉ်ပြိုင်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးသော အလှူရှင်များ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦး၀င်းမော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်းက Sports Forum ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပါသည်။ Sports Forum အခမ်းအနားတွင် စာတမ်းဖတ်ကြားမည့် စာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်ဖြင့် အသီးသီးဖတ်ကြားကြရာ စုစုပေါင်း စာတမ်းအစောင်(၂၀)ကိုဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကာ သက်ဆိုင်ရာစာတမ်းရှင်များက အသီးသီးပြန်လည် ဖြေကြား ပေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို ၄.၄.၂၀၁၇ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။