၂၀၁၇ ခုနှစ်၊ အဆင့်မြင့်ပညာကဏ္ဍ ပထမအကြိမ် မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)


Date : 22 August, 2017

21015735_1290674997727030_1280874047192070442_o

22

နေပြည်တော် သြဂုတ် ၂၂

    ပညာရေးဝန်ကြီးဌာန၊ ၂၀၁၇ ခုနှစ် အဆင့်မြင့်ပညာကဏ္ဍ ပထမအကြိမ် မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်မှာကြားသည်။

     အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရည် အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

     အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထူးချွန်ထက်မြက်ပြီး အခက်အခဲနှင့် စိန်ခေါ်မှုကိုရင်ဆိုင်နိုင်သော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ပေါ်ထွက်လာရေး အတွက် ဘက်ပေါင်းစုံကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အတွက် လိုအပ်သောအရေးကြီးသည့် အရည်အသွေးတစ်ရပ်မှာ ဘာသာစကားစွမ်းရည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခဲ့သလို ယခုနှစ်ကစပြီ မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲကို ပထမအကြိမ် စတင်ကာစဉ်ဆက်မပြတ် ကျင်းပနိုင်လာမည် ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်ပညာတိုးတက်ထွန်းကားမှုနှင့်အတူ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ အသိပညာနှင့် နည်းပညာ ဖလှယ်မှုများ မြန်ဆန်လွယ်ကူလာသည်နှင့်အမျှ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများကိုလည်း မလွဲမသွေရင်ဆိုင်ကြုံတွေ့ကြ ရမည်ဖြစ်ကြောင်း၊ မြန်မာဘာသာစကားသည် မြန်မာနိုင်ငံအတွက် ရုံးသုံးဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင် အရေးစွမ်းရည်၊ အပြောစွမ်းရည်၊ အရွတ်အဖတ် စွမ်းရည်ဖြစ်သော စွမ်းရည်သုံးရပ်အတွက် ပြိုင်ပွဲပေါင်း (၆) မျိုး ပါဝင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ များအနေဖြင့် ကျောင်းအဆင့်ပြိုင်ပွဲ၊ ဦးစီးအဆင့်ပြိုင်ပွဲများ အဆင့်ဆင့်ကျော်ဖြတ်ပြီးမှ ယခုဗဟိုအဆင့်သို့ ရောက်ရှိလာကြ ရသောကြောင့် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားယှဉ်ပြိုင်အားထုတ်မှုကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုပြိုင်ပွဲသည် ကျောင်းသားကျောင်းသူများ၏ အမိမြန်မာစာ၊ မြန်မာဘာသာ စကားစွမ်းရည်ကို တရားမျှတစွာယှဉ်ပြိုင်၍ ဖော်ကျူးပြသနိုင် သည့်ပွဲဟု ဆိုရမည် ဖြစ်ပါကြောင်း၊ နောင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသားကျောင်းသူ အားလုံးကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် မှာကြားသည်။

     ထို့နောက် အဆင့်မြင့်ပညာကဏ္ဍ ပထမအကြိမ် မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) သို့ ဝင်ရောက်ယှဉ်ပြိုင် ကြသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့မှ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများသည် အပြောစွမ်းရည် ကျပန်း စကားပြောပြိုင်ပွဲ၊ အပြောစွမ်းရည် စကားရည်လုပြိုင်ပွဲများကို အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.