အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ


Date : 23 February, 2017

16804132_1117144338413431_7389117771339679882_o

23 2 National Edu (2016-2011) (DASKK-MICC2)

နေပြည်တော် ဖေဖော်၀ါရီ ၂၃

   အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။

   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့်ငါးနှစ်တာကာလအတွင်း ကျောင်းသားလူငယ်များနှင့် အရွယ်ရောက်သည့် သူများအားလုံး၏ ဘ၀တစ်သက်တာ ပညာသင်ယူမှုရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အဓိကထားပြောင်းလဲရမည် ဖြစ်ပါကြောင်း၊ ယင်းပြောင်းလဲခြင်းကို ပညာရေးမှစရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ချမှတ်ထားပြီး ယင်းစီမံကိန်း အောင်မြင်ရန်အတွက် အဓိကဘာလိုအပ်သလဲဆိုသည်ကို အားလုံးစဉ်းစားရမည် ဖြစ်ပါကြောင်း။

  ပညာရရှိရေးတွင် အရေးကြီးဆုံးမှာ သင်ယူချင်စိတ်ပင်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများ၊ ပညာရေးမူ၀ါဒများကိုချမှတ်ပြီး အကောင်အထည်ဖော် ဦးဆောင်နေသည့် ပုဂ္ဂိုလ်များအားလုံးက သင်ယူချင်စိတ်များ ပေါ်လာအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ သင်ယူချင်စိတ်လူငယ်များအကြား ထွန်းကားအောင် လုပ်ဆောင်ရန် သင်ပေးသူများ ကိုယ်တိုင်သင်ယူချင်စိတ် ရှိရန်လိုပါကြောင်း၊ တစ်သက်တာဆက်ပြီး သင်ယူနေရမည် ဖြစ်ပါကြောင်း၊ မိမိတို့တစ်သက်တာ သင်ယူနိုင်သည့်စိတ်ဓာတ်၊ သင်ယူချင် သည်စိတ်ဓာတ်ကို သင်ပေးသူများတွင် ရှိရမည်ဖြစ်ပါကြောင်း၊ သို့မှသာ သင်ကြားခံရသူများကိုယ်တိုင်လည်း အလားတူစိတ်ဓာတ်များပွားများလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မည်သို့သောစီမံကိန်းများ ရေးဆွဲ ရေးဆွဲ အောင်မြင်ရန်အတွက် ပါ၀င်သူအားလုံးက အောင်မြင်မှုကို ဦးတည်နိုင်ရန်လိုပါကြောင်း။

     ပညာရေးစီမံကိန်းများကို ဦးဆောင်ပြီး အကောင်အထည်ဖော်သူအားလုံးသည် မိမိတို့ကိုယ်တိုင် သင်ယူစရာ အများကြီးရှိသေးသည် ဆိုသည့် စိတ်ဓာတ်မွေးမြူရန် အလွန်အရေးကြီးပါကြောင်း၊ အားလုံးတတ်ပြီ ၊ အားလုံးသိပြီဟုထင်သည့်ပုဂ္ဂိုလ်များသည် မည်သို့မျှဆက်ပြီး သင်ယူ၍ရမည်မဟုတ်ပါကြောင်း၊ ကိုယ်တိုင်တတ်ချင်၊ သင်ချင်သည့် ဆရာ၊ ဆရာမများ၊ ဤစီမံကိန်းများကို ဦးဆောင်သူပုဂ္ဂိုလ်များကသာလျှင် ပညာရှာသည့်နိုင်ငံသူ၊ နိုင်ငံသားများ သင်ယူချင်အောင် လမ်းပြနိုင်မည်ဖြစ်ပါကြောင်း၊ သင်ယူချင်သည်စိတ်ဓာတ်က ဘယ်ကစသလဲဆိုလျှင် မိမိမှာသိစရာအများကြီးရှိသေးသည်ဆိုသည့် နှိမ့်ချခြင်းမှစတင်ပါကြောင်း။

    သိစရာရှိသည့်ကိစ္စများကို သိအောင်လုပ်နိုင်သော အရည်အချင်းရှိသည်ဆိုသည့် ယုံကြည်မှုလည်းရှိအောင် လုပ်ရန်လိုပါ ကြောင်း၊ ကလေးသူငယ်များသည် သိစရာအများကြီး ရှိသေးသည်ဆိုသော စိတ်ဓာတ်ရှိပါကြောင်း၊ သို့သော် ထိုကလေးများ၏ သိချင်တတ်ချင်သည့်စိတ်ဓာတ်ကို လူကြီးများက အားမပေးလျှင်၊ သင်ပေးသူ ဆရာ၊ ဆရာမများက အားမပေးလျှင် သင်ယူချင်သည့်စိတ်ဓာတ်သည် ဖွံ့ဖြိုးနိုင်မည် မဟုတ်ပါကြောင်း၊ လူကြီးများ၏ အဓိကပြဿနာမှာ သင်ယူချင်စိတ်မရှိတော့ခြင်းပင် ဖြစ်ပါကြောင်း၊ ပြည့်စုံသွားပြီဟု ထင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဘယ်တော့မှ ပညာပြည့်စုံသည်ဟု မရှိနိုင်ပါကြောင်း၊ တစ်သက်တာ အသက်ရှင်နေသ၍ ပညာဆက်လက်ရှာဖွေရမည်ဆိုသည့် စိတ်ဓာတ် မွေးမြူရန်လိုပါကြောင်း၊ မိမိတို့ အားလုံး ပညာသင်ယူရမည်၊ ဆက်ပြီးသင်ယူရမည်၊ ပညာသင်ချင်သည်၊ ဘယ်လိုသင်ယူရမည် ဆိုသည့် အချက်များကို သေချာနားလည်မည်ဆိုလျှင် နိုင်ငံ၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းသည် ကျောင်းသားများ၊ လူငယ်များနှင့် အရွယ်ရောက်သူများ၏ ဘ၀တစ်သက်တာ ပညာသင်ယူမှု၊ ပညာသင်ယူသွားရန်မှာ ခက်ခဲတော့မည် မဟုတ်ပါကြောင်း၊ နိုင်ငံတော်က ဦးဆောင်ပြီး လုပ်ရမည်မှာ မှန်ပါကြောင်း၊ နိုင်ငံတော်က ဦးဆောင်ပြီး လုပ်သည့်အခါ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ တတ်နိုင်သမျှ ပံ့ပိုးပေးသွားရန် အရေးကြီးပါကြောင်း။

    ဆရာ၊ ဆရာမများသည် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းအားဖြင့် မိမိတို့နိုင်ငံရှိ ကလေးသူငယ်များရော၊ အရွယ်ရောက်ပြီးသော်လည်း ဆက်ပြီးပညာရှာချင်သည့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဆက်ပြီးပညာရှာနိုင်ရန်၊ ပညာရှာသည့်အခါတွင်လည်း ထိထိရောက်ရောက် သင်ယူထိုက်သည့်ကိစ္စများကို သင်ယူနိုင်ရန် အားလုံးပံ့ပိုးနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း၊ မိမိတို့ကို ကူညီနေသည့် မိတ်ဆွေများလည်း အလားတူအမြင်များနှင့် အလားတူ နားလည်မှုများဖြင့် ကူညီလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။ မိမိတို့ကိုယ်တိုင်လည်း ဒီနိုင်ငံရောက်လာသည့်အခါ ဒီနိုင်ငံအကြောင်း၊ ဒီနိုင်ငံ၏ လိုအပ်ချက်များ၊ ဒီနိုင်ငံမှ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို နားလည်သင်ယူပြီးမှ မိမိတို့နိုင်ငံ၏အကျိုးကို ထိထိရောက်ရောက် သယ်ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဒီလိုထိထိရောက်ရောက် သယ်ပိုး ပေးချင်သည့်စေတနာလည်း မိမိတို့မိတ်ဆွေများ တွင်လည်းရှိသည်ဟု ယုံကြည်ပါကြောင်း။

   မိမိတို့နိုင်ငံတိုးတက်ရေးအတွက် အဓိကကျသည့် ပြည်သူလူထုတစ်ရပ်လုံးပါ၀င်ပြီး မိမိတို့နိုင်ငံ ပညာရေးအဆင့်မြှင့်ရန်အတွက် နိုင်ငံသူ၊ နိုင်ငံသားများသည် မိမိတို့သင်ယူရန်လိုသည်ဆိုသည့် စိတ်ဓာတ်ဖြင့် သင်ယူ၍ရသည်ဆိုသည့် ယုံကြည်ချက် မိမိတို့နိုင်ငံ၏ နောင်မျိုးဆက် အဆက်ဆက် အကျိုးရှိရန်အတွက် ဆောင်ရွက်သွားကြမည်ဟု ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုပါကြောင်း ပြောကြားသည်။

  ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်သည်။

    ယင်းနောက် ပြည်ထောင်စု၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ရည်မှန်းချက် ပန်းတိုင်သည် ကျောင်းများ၏ ပညာသင်ယူရာဌာနအားလုံးတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက်လာရေးကို ဦးတည်ပြီး ပိုမိုတိုးတက်ကောင်းမွန်သည့် သင်ကြားသင်ယူမှု၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် စမ်းသပ်တီထွင်မှုများ ဖြစ်ထွန်းလာစေရေး ဖြစ်ကြောင်းပြောကြားသည်။

   ဆက်လက်၍ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီး မစ္စတာ Nicholas Copple က အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများကိုယ်စား UNICEF ဌာနေကိုယ်စားလှယ် Betrand Bainvel က ပညာရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ရှင်းလင်းပြော ကြားသည်။ ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများက တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေး၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမိတ်ဖက်အဖွဲ့အစည်းများမှာ တာ၀န်ရှိသူများ၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းမှတာ၀န်ရှိသူများနှင့် စုပေါင်းဓာတ်ပုံရိုက်ကြပြီး အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှု အားပေးသည်။

  အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦး၀င်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်း၀င်းခိုင်သန်း၊ ပြည်ထောင်စု၀န်ကြီးများ၊ လွှတ်တော်များမှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့၀င်များ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေး၀န်ကြီးများ၊ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ အမျိုးသားပညာရေးမူ၀ါဒကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၀င်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေး ကော်မတီ၀င်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ရေးဆွဲကြသော ပညာရှင်များနှင့် တာ၀န်ရှိသူများ တက်ရောက် ကြကြောင် သတင်းရရှိပါသည်။

 

 

 



Bookmark the permalink.

Comments are closed.