ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 14 February, 2017

16707695_1778586809127831_7473311356460550926_o

14 2 Pinlon house(Ygn)      

ရန်ကုန် ဖေဖော်ဝါရီ ၁၄

   ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာနော်ဂျူးဖောနှင့် အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါက်တာပိုးပိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်က ပင်လုံဆောင်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

     ဆက်လက်၍ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အမျိုးသား ပညာရေးမူ၀ါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခဌာနမှူးနှင့် အင်္ဂလိပ်ဘာသာစကားအမျိုးသားဗဟိုဌာန ညွှန်ကြားရေးမှူးတို့က ကျေးဇူးတင်စကားပြောကြား ကြပါသည်။

  ထို့နောက် ပြည်ထောင်စု၀န်ကြီးက အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး အင်္ဂလိပ်စာ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါပင်လုံဆောင်တွင် ဘွဲ့ကြိုဘွဲ့လွန် အင်္ဂလိပ်စာ အထူးပြုကျောင်းသားများအတွက် ဘာသာရပ်များသင်ကြား ပို့ချလျက်ရှိပြီး ခေတ်နှင့်အညီ တိုးတက်လာသည့် မြန်မာနိုင်ငံ၏ လိုအပ်ချက် နှင့်ကိုက်ညီသည့် English for Occupational Purposes(EOP)၊ English for Professional Purposes (EPP) အထူးပြုဘာသာရပ်များ၊ Intercultural Communication၊ Academic Writing အစရှိသည့် ဘာသာရပ်သစ်များကို တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ပါရဂူသင်တန်းသားများအတွက် English for Prelim ပို့ချပေးခြင်း၊ ဘွဲ့ကြိုသင်တန်းသားများအတွက် Foundation English ကိုလည်း နိုင်ငံတကာ အဆင့်မီဖြစ်စေရန် ပြောင်းလဲသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။ ငြိမ်းချမ်းရေးအထိမ်းအမှတ် ပင်လုံဆောင်ကြီးကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခြင်းသည် ပညာရေးကဏ္ဍ ဆောင်ရွက်ချက်များအနက် အောင်မြင်မှုတစ်ရပ်ဖြစ်သည့်အပြင် အင်္ဂလိပ်စာဘာသာရပ်လိုအပ်ချက်များကို ပြည့်ပြည့်၀၀ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.