ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ ဗဟိုအဆင့်ညှိနှိုင်းဆွေးနွေး


Date : 7 February, 2017

16388350_1103019213159277_8978645539436704831_n

 

နေပြည်တော် ဖေဖော်ဝါရီ ၇

    ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးမှတစ်ဆင့် အထုံပါရမီစွမ်းရည်နှင့် ရည်မှန်းချက်များအပေါ်မူတည်၍ အခြေခံပညာ၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ၊ အဆင့်မြင့်ပညာသင်ယူခွင့်ရရှိရေး၊ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးနှင့် နေ့စဉ်လက်တွေ့ ဘဝအသုံးချနိုင်ရေးအထိ လမ်းကြောင်းဖော်ဆောင်ပေးရန်လိုအပ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ကျင်းပသော ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ ဗဟိုအဆင့်ညှိနှိုင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းထွက်နှုန်းကများနေပြီး အသားတင်ကျောင်းနေနှုန်းက နည်းပါးလျက်ရှိကြောင်း၊ ကျောင်းပညာရေးသာမက ကျောင်းပြင်ပ ရောက်ကလေးများနှင့် စာမတတ်သူများ၏ပညာရေးကို အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းပြင်ပရောက် ကလေးများ၊ ကျောင်းမှစောထွက်သွားသူများ၊ စာမတတ်သူများအတွက် ပိုမိုကောင်းမွန်သောအနာဂတ်များ ဖြစ်ပေါ်လာအောင် စာတတ်မြောက်မှုပညာရေးနှင့် အသိပညာကျွမ်းကျင်မှုများကို ကူညီဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်း မရှိသူများ၊ ပညာမပြီးဆုံးမီကျောင်းထွက် သွားရသူများအားလုံးအတွက် ပညာသင်ကြားနိုင်ခွင့်ဖန်တီးပေး မည့် ပညာရေးအစီအစဉ်တစ်ခုကို လိုအပ်ပါကြောင်း၊ ယခုအစိုးရလက်ထက်၌ ကျောင်းပြင်ပပညာရေး လုပ်ငန်းများ၊ တစ်သက်တာ သင်ယူမှုလုပ်ငန်းများတွင် အလေးပေးဆောင်ရွက်နိုင်ရန်အတွက် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်းခဲ့ပါ ကြောင်း ဆွေးနွေးပြောကြားသည်။

   ဆွေးနွေးပွဲတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍလုပ်ငန်း အညွှန်းဘောင်ပြုစုခြင်း လုပ်ငန်းစဉ်အဆင့် (၁) နှင့် (၂) တို့ကိုလည်းကောင်း၊ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမဲအောင်က ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးအဓိပ္ပာယ် ဖွင့်ဆိုချက်၊ မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကိုလည်းကောင်း၊ UNICEF Myanmar မှ ပညာရေးကျွမ်းကျင်အရာရှိ Ms. Jane Davies က ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကဏ္ဍ နိုင်ငံတကာ စံနှုန်းများ၏ အခြေခံမူများအကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

   ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍ ဗဟိုအဆင့်ညှိနှိုင်းဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လာသော ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရွှေ့ပြောင်းကလေးများအတွက် ပညာရေး၊ လုပ်ငန်းခွင်ဝင်ကလေးများအတွက် ပညာရေး၊ လူငယ်များအတွက် ဘဝတစ်သက်တာပညာရေး၊ သက်ကြီးစာတတ်မြောက်ရေး၊ လမ်းပေါ်ရောက်ကလေးများ အပါအဝင် ကူညီဖြည့်ဆည်းပေးရန် လိုအပ်သော ကလေးများအတွက် ပညာရေး၊ အရေးပေါ်နှင့်ပဋိပက္ခ ဖြစ်ပွားလျက်ရှိသောဒေသများမှ ကလေးများအတွက် ပညာရေးကဏ္ဍ (၆)ရပ် အတွက် ပညာရေးမူဝါဒနှင့် မဟာဗျူဟာများကို ညှိနှိုင်းဆွေးနွေး ရေးဆွဲကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.