ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 29 October, 2017

DSC_1004

Oct 29 High edu M-training

ရန်ကုန် အောက်တိုဘာ ၂၉

     ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ် နီလာရတုခန်းမ၌ ကျင်းပသည်။

     အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ ယနေ့ဖွင့်လှစ်သည့် ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှုသင်တန်းသည် ပညာရေးဝန်ကြီးဌာနအတွက် အလွန်အရေးကြီး သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်ကြားရေးအရည်အသွေး မြင်မားစေရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘာသာရပ်နယ်ပယ် ကိုက်ညီစွာဖြင့် သင်ကြားရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ အခြေခံပညာ ကဏ္ဍနှင့် သက်မွေးပညာကဏ္ဍများတွင် တူညီသော သင်ကြားရေးစနစ်သည် Rote Learning စနစ်ဖြစ်နေပါကြောင်း၊ အရည်အသွေးမြင့် သင်တန်းများစနစ်တကျ ဖွင့်လှစ်ပို့ချရန်အတွက် လိုအပ်ပါကြောင်း၊ ဒေသအလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ဘွဲ့ရလူငယ်များကိုပြုစု ပျိုးထောင်ပြီး လက်တွေ့ နယ်ပယ်တွင် အသုံးချနိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တက္ကသိုလ်စာကြည့်တိုက်များကို ဖြည့်ဆည်းပြီး ကျောင်းသား ကျောင်းသူများကို လက်တွေ့ဘဝနှင့်နီးစပ်သည့် သင်တန်းများပေးနိုင် ရန် ဆရာ ဆရာမများ သုတေသနများပြုလုပ်ပြီး သုတေသနရလဒ်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး သုတေသနဂျာနယ်များတွင် ပါဝင်ရေးသားကြစေလိုကြောင်း၊ သုတေသနစာတမ်းများ ရေးသားခြင်းဖြင့် အင်္ဂလိပ်စာပိုမိုကောင်းမွန်ခြင်း အိုင်စီတီပညာရပ်များ ပိုမိုတိုးတက်စေခြင်းနှင့် Deep Learning ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်များကာင်းမွန်လာမည်ဖြစ်ပါကြောင်း၊ သုတေသန စာတမ်းများနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြင့်မားပြီး ဒေသလိုအပ်ချက်နှင့် နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ အာဆီယံနိုင်ငံများတွင် သိပ္ပံနှင့်နည်းပညာများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိ ရမည်ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍသည် လိုအပ်သော အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိနိုင်စေရန် မျက်ခြေမပြတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုလုပ်ငန်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်း စည်းမျဉ်းစည်းကမ်းများပေါ်တွင် စနစ်တကျအလေးအနက်ထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် သင်တန်းည် လိုအပ်သည့် ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး ကိုယ်တိုင် ကြိုးစားလေ့လာ သင်ယူကြ စေလိုကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ ပိုမိုကောင်းမွန်စေရေး အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အရည်အသွေးပြည့်မီသည့် ပညာရေးအဆင့်အတန်း မြင့်မားစေရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း ဖြင့်ပြောကြားသည်။

   ထို့နောက် ညှိနှိုင်းရေးမှူးချုပ်၊ UEHRD ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်နှင့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဝင့်တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

     အဆိုပါ ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှုသင်တန်းကို ၂ ပတ်ကြာ သင်တန်းပို့ချ၍ ၂၀၁၈ ခုနှစ် ဧပြီလအထိ အချိန်ပိုင်း ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.