မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသနအကောင်းဆုံးစာတမ်းဆု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


Date : 30 October, 2017

DSC_1406

 

Oct 30 BA&BSc Prize

ရန်ကုန် အောက်တိုဘာ ၃၀

     မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသန အကောင်းဆုံးစာတမ်းဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၁၉၉၁ ခုနှစ်မှ စတင်တည်ထောင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့သည် ယခုအခါ သက်တမ်း(၁၈) နှစ် ကျော် ခိုင်မာစွာရပ်တည်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့သည် ရည်ရွယ်ချက်(၅)ရပ်ကို အခြေခံကာ လုပ်ငန်းတာဝန်(၈)ရပ် အပေါ်အခြေခံပြီး လုပ်ငန်းအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ရာတွင် လိုအပ်သည့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အတွက်အားထားရာ တက္ကသိုလ် ပညာရပ်များဖွံ့ဖြိုးရန် အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သုတေသနလုပ်ငန်းများ တိုးတက်ဖော်ဆောင်နိုင် ရေးအတွက် သုတေသန စာတမ်းဖတ်ပွဲများကို (၁၈)နှစ်ကာလအတွင်း (၁၇)ကြိမ် ကြီးမှူးကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့အတွက် ကြီးမားသော မှတ်တိုင်စိုက်ထူနိုင်ခဲ့သကဲ့သို့ ပညာရပ်နယ်ပယ် အသီးသီးအတွက် ၂၀၁၆ ခုနှစ်ထိ စာတမ်းပေါင်း(၃၂၆၄)စောင် ဖတ်ကြား တင်သွင်းနိုင်ခဲ့ပြီး ယခုနှစ်တွင် စာတမ်းစောင်ရေ အများဆုံးအဖြစ် စာတမ်းပေါင်း(၃၁၈)စောင် ဖတ်ကြားခဲ့ပြီး စာတမ်း စုစုပေါင်း (၃၅၈၂) စောင် တင်သွင်းဖတ်ကြားနိုင်ခဲ့ခြင်းကိုလည်း ဂုဏ်ယူမိပါကြောင်းဖြင့် ပြောကြားသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က အကောင်းဆုံးစာတမ်းများကို ၂၀ဝ၅ ခုနှစ်မှစတင်ပြီး ပညာရပ်ဆိုင်ရာဆုများပေးခဲ့ပါကြောင်း၊ အလားတူ ၂၀ဝ၇ ခုနှစ်မှစတင်ပြီး သုတေသန ကျမ်းများကို ပညာရှင်ကြီးများက စိစစ်ရွေးချယ်ပြီး “မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု”များ အပ်နှင်းခဲ့ပါ ကြောင်း၊ အကောင်းဆုံးစာတမ်းများကို မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပံ္ပပညာရှင်အဖွဲ့က ချမှတ်ထားသည့် နိုင်ငံတော် အတွက် အကျိုးပြုမှု၊ ဘာသာရပ်အတွက် အကျိုးပြုမှု၊ ပင်ကို(Original)ဖြစ်မှု၊ သုတေသနလုပ်ဆောင်ရာတွင် စနစ်ကျနမှု၊ တင်ပြပုံ စနစ်ကျနမှု စသည့် စံ(၅)ချက်ကို အသုံးပြုပြီး ဘာသာရပ်ဆိုင်ရာ ဝါရင့် သမ္ဘာရင့် ပညာရှင် များက စိစစ်အကဲဖြတ်ရွေးချယ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများ နှစ်စဉ်ကျင်းပလာနိုင် သည်နှင့်အမျှ သုတေသနအရည်အသွေးများ တိုးတက်လာသကဲ့သို့ သုတေသနလုပ်ငန်းများကို ထူးချွန်စွာ ပြုစုတင်သွင်းနိုင်သည့်အတွက် ဆုချီးမြှင့်ခြင်းခံရသူ ပညာရှင်သုတေသီများကလည်း မိမိတို့ပညာရပ် နယ်ပယ် အသီးသီးတွင် သုတေသနလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နေကြသည်ကို သိရှိပါ ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းအသီးသီးမှ ပညာရှင်များ၏ကြိုးပမ်းအားထုတ်မှုများကို ပညာရပ်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ပြီး ပညာရှင်ကြီးများ၏အားတက်သရော ကြီးကြပ်လမ်းညွှန်ပေးခြင်းဖြင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်လာနိုင်သည်ကို သုံးသပ်မိပါကြောင်း၊ ယခုလက်ရှိ ရထားပြီးဖြစ်သည့် ခိုင်မာသည့် လုပ်ငန်းအရှိန်အဟုန်ကို ဆက်လက်တည်တံ့နိုင်ရေး ပိုမို မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဝင်များ၊ ပညာရှင်များ၊ သုတေသီများက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းအသီးသီးရှိ သုတေသီများကလည်း ပိုမိုအားထုတ် လေ့လာသင်ယူရင်း မိမိတို့၏ဘာသာရပ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ကြစေလိုကြောင်း ဖြင့် ဆက်လက်ပြောကြားသည်။

     ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာကြည်ကြည်လှက နှုတ်ခွန်းဆက် စကား ပြောကြားသည်။

     ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အလုပ်အမှုဆောင် ဒေါက်တာဒေါ်သန်းနွဲ့က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)ဆု (၉)ဆုအားလည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ဇော်ဌေးက (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု (၂၅) ဆုအား လည်းကောင်း ဖတ်ကြားတင်ပြခဲ့ကြသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တာဝန်ရှိသူများက မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ဆု (၂၀၁၆) ဆုများနှင့် (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

     ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)ဆုရရှိကြသူများကိုယ်စား မကွေးတက္ကသိုလ် တွဲဖက် ပါမောက္ခ ဒေါက်တာကြည်ကြည်ဝင်းနှင့် (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်း ဆုံးစာတမ်းဆု ဆုရရှိကြသူများကိုယ်စား မုံရွာတက္ကသိုလ်မှ ကထိက ဒေါက်တာဒေါ်အိအိမွန်တို့က ကျေးဇူးတင် စကားပြောကြားခဲ့သည်။

     အဆိုပါ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသန အကောင်းဆုံး စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များက စာတမ်း(၃၁၈)စောင်ဖတ်ကြားတင်ပြခဲ့ကြပြီး ပညာရှင်ဆု အတွက် ဘာသာရပ်(၁၂)ခုမှ ကျမ်းပေါင်း(၂၇)ခု ဖတ်ကြားတင်သွင်းခဲ့ရာ ဝိဇ္ဇာပညာရပ်အတွက်(၄)ဆု၊ သိပံ္ပပညာရပ်အတွက်(၃)ဆုနှင့် လူမှုရေးပညာရပ် အတွက်(၂)ဆု စုစုပေါင်း(၉)ဆုနှင့် အကောင်းဆုံးစာတမ်း(၂၅) စောင် ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (ပညာရေး)



Bookmark the permalink.

Comments are closed.