၂၀၁၇ – ၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနကြီးကြပ်ရေးမှူးများ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲကျင်းပ


Date : 27 December, 2017

DSC_3263

Dec 27 Exa

နေပြည်တော်၊ ဒီဇင်ဘာလ ၂၇

  ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ် ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက် များဆိုင်ရာ ဆွေးနွေးပွဲသင်တန်းကို ၂၇-၁၂-၂၀၁၇ ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ်တွင် နေပြည်တော် ပျဉ်မနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား‌ပြောကြားရာတွင် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်စဉ် ကျင်းပခဲ့သည့် အတိုင်း ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာနများအတွက် မေးခွန်းတစ်စုံ နိုင်ငံခြား စာစစ်ဌာနအတွက် မေးခွန်းတစ်စုံဖြင့် ကျင်းပဆောင်ရွက်မည် ဖြစ်ပါကြောင်း တက္ကသိုလ်ဝင်စာမေးပွဲသည် စာ‌ဖြေသူကျောင်းသား၊ ကျောင်းသူများအတွက် ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းအရ တက္ကသိုလ်ပညာရပ်များ ဆက်လက် သင်ယူနိုင်ရေးအတွက် အဆုံးအဖြတ်ပေးသော စာမေးပွဲ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား လူသားကောင်းများဖြစ်အောင် ဦးတည်ဆောင်ရွက် နေသည့်အတွက် စာမေးပွဲနှင့်ပတ်သက်၍ မသမာဖြေဆိုမှုများ လုံးဝမရှိစေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်အောင် တာဝန်ယူ တာဝန်ခံဆောင်ရွက် တတ်အောင်၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်း၊ စဉ်းစားတွေးခေါ်မှုကို အားပေးပြီး ကိုယ်ပိုင်အရည်အချင်းဖြင့် သင်ယူ ထားသော ဘာသာရပ်များကို ကြိးစားဖြေဆိုကြရမည် ဖြစ်ပါကြောင်း၊ စာဖြေကာလအတွင်း သတ်မှတ်ချိန်အတိုင်း စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ စာမေးပွဲဆိုင်ရာ လိုက်နာရမည့် စည်းကမ်း ချက်များကို စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများအားလုံး ပူးပေါင်းလိုက်နာဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းဆိုင်ရာများကို ယခင်နှစ်အတွေ့ အကြုံများအရ အားသာချက်များကို ပိုမိုကောင်းမွန် စေရေးနှင့် အားနည်းချက်များ လျှော့နည်းလာအောင် ပြင်ဆင်၍ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

   ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေး ကို ၂၆-၁၂-၂၀၁၇ ရက်နေ့မှ ၂၈-၁၂-၂၀၁၇ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။



Bookmark the permalink.

Comments are closed.