၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ ဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကျင်းပ


Date : 29 December, 2017

DSC_4135

Dec 29

 

မန္တလေး၊ ဒီဇင်ဘာ ၂၉

 ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ ဆိုင်ရာဆွေးနွေးပွဲသင်တန်းကို (၂၉-၁၂-၂၀၁၇) ရက်နေ့ နံနက် ၉း၃၀ နာရီတွင် မန္တလေးမြို့ အမှတ် (၁၄)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။

 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုဆွေးနွေးပွဲသင်တန်းတွင် စာစစ်ဌာနများ လျာထားစီစဉ်ခြင်း၊ စာမေးပွဲ ကြီးကြပ်ခြင်း၊ စာမေးပွဲစစ်ဆေးသည့်ကာလနှင့် တစ်နေ့တာ ဆောင်ရွက်ရမည့် အချိန်ဇယားများ၊ စာဖြေသူများ စာရင်းပြုစုရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များ အစရှိသည့် လုပ်ငန်းလက်စွဲပါ အချက်များကို ညှိနှိုင်းဆွေးနွေး၍လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ လုပ်ငန်းဆိုင်ရာ များကို ယခင်နှစ်အတွေ့အကြုံများအရ အားသာချက်များကို ပိုမိုကောင်းမွန် စေရေးနှင့် အားနည်းချက်များလျော့နည်းလာအောင် ပြင်ဆင်၍အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာမေးပွဲပြီး၍ စာစစ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကျန်းမာရေး ကောင်းမွန်ပြီး လက်ရှိသင်ကြားပို့ချနေ သည့်ဘာသာရပ်နှင့် ကိုက်ညီသော ဆရာ၊ ဆရာမဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်း အောင်မြင်ရေးအတွက် မိဘအုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက််ကြရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီဖေးမ၍ တန်ဖိုးထားဆောင်ရွက်ရန် လိုပါကြောင်း စာမေးပွဲတွင် မသမာ ဖြေဆိုမှုများ လုံးဝမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

  ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ယနေ့အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပုဂ္ဂလိက ကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိကြရာ စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြသည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲခြင်းနှင့် အရည်အသွေး ပြည့်ဝသော ပညာရေး ကိုဖော်ဆောင်ရာတွင် ကျောင်းနေနှုန်းမြင့်မားရေး ကျောင်းထွက်သူမရှိရေး ပညာသင်ယူတတ်မြောက်မှု အရည်အသွေးပြည့်ဝရေးတို့ အရေးကြီးသည့်အတွက် မည်သည့်ခွဲခြားမှုမျှမရှိဘဲ မူလတန်းကျောင်းနေအရွယ် အားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ရေးကို အလေးထား အကောင်အထည်ဖော်နေပါကြောင်း၊ Grade1, Grade2, Grade3 ကျောင်းသား ကျောင်းသူအားလုံးကို ဆရာ ဆရာမများက စာဖတ်နိုင်ရန် စာရေးနိုင်ရန် အခြေခံသင်္ချာတွက်နိုင်ရန် သင်ကြားသင်ယူလေ့ကျင့်ပေးပါက တစ်သက်လုံးအတွက် စာရေးနိုင် စာဖတ်နိုင် တွက်ချက်နိုင်မည် ဖြစ်ပါကြောင်း မူလတန်း ပညာသင်ယူ ပြီးမြောက်ပါကလည်း အလယ်တန်း၊ အထက်တန်း ဆက်လက် ပညာသင်ယူရန်နှင့် ဝါသနာပါသော အသက် မွေးဝမ်းကြောင်းသင်တန်း (သို့မဟုတ်) တက္ကသိုလ်ပညာရေး တက်ရောက်၍ ဘွဲ့ဒီဂရီတစ်ခုခု ရပြီးပါက တန်ဘိုးရှိသော ဘဝကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဆောင်ရွက်လျှက် ရှိပါကြောင်း၊ ထို့ကြောင် အရည်အသွေးမြင့်ပညာရေးကို ဖော်ဆောင်ရာတွင် ပညာရေးတက္ကသိုလ်၏ အခန်းကဏ္ဍသည် အလွန်အရေး ကြီးပါကြောင်း၊ အရည်အသွေးရှိသော Bed ဘွဲ့ရ ဆရာ ဆရာမများ မွေးထုတ်နိုင်ရေးအတွက် တက္ကသိုလ်ဆရာ၊ ဆရာမများအနေဖြင့် အထူးပြုဘာသာရပ် ကျွမ်းကျင်မှုအပြင် အင်္ဂလိပ်စာ၊ ICT အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် စာများများ ဖတ်၍ သုတေသနစာတမ်း၊ သုတေသနလုပ်ငန်းများ၊ ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ သင်တန်း တက်နေသည့် ကျောင်းသား၊ ကျောင်းသူ ဆရာ၊ ဆရာမများအနေဖြင့် ဘွဲ့ရသည့်အခါ ကိုယ်တာဝန် ကျရာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လူသားကောင်းများဖြစ်အောင်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်အောင်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက် တတ်အောင်၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးမှာ ကြားသည်။

  ယင်းနောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.