ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကင်းပညာရေးကောလိပ်မှ ဆရာ/ဆရာမများ ကျောင်းသား ကျောင်းသူများတွေ့ဆုံ


Date : 6 January, 2018

DSC_9621

Jan 6

ရန်ကုန် ဇန်နဝါရီ ၆

   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကင်းပညာရေး ကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေးကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။

   တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု ပြုလုပ်သည့် အခါတွင် အခက်အခဲများ လိုအပ်ချက်များရှိပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲခြင်း နှင့်အရည်အသွေးပြည့်ဝသော ပညာရေးကို ဖော်ဆောင် ရာတွင် ကျောင်းနေနှုန်း မြင့်မားရေး ကျောင်းထွက်သူ မရှိရေး၊ ပညာသင်ယူ တတ်မြောက်မှု အရည်အသွေးပြည့်ဝရေးတို့သည် အရေးကြီးသည့်အတွက် မည်သည့် ခွဲခြားမှုမျှမရှိဘဲ မူလတန်းပညာသင်ယူနေသူအားလုံး မူလတန်း ပညာသင်ယူ ပြီးမြောက်ရေးကို အလေးထား အကောင်အထည်ဖော်နေပါကြောင်း၊ ပညာရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍ မူလတန်းပညာရေးသည် အရေးအကြီး ဆုံးဖြစ်ပါကြောင်း၊ Grade1, Grade2, Grade3 ကျောင်းသား ကျောင်းသူအားလုံးကို ဆရာ ဆရာမများက စာဖတ်နိုင်ရန်၊ စာရေးနိုင်ရန်၊ အခြေခံ သင်္ချာတွက်နိုင်ရန် သင်ကြားသင်ယူ လေ့ကျင့်ပေးပါက တစ်သက်လုံးအတွက် စာရေးနိုင် စာဖတ်နိုင် တွက်ချက်နိုင်မည် ဖြစ်ပါကြောင်း၊ မူလတန်းပညာသင်ယူပြီး မြောက်ပါကလည်း အလယ်တန်း၊ အထက်တန်းဆက်လက်ပညာ သင်ယူရန်နှင့် ဝါသနာပါသော အသက်မွေးဝမ်းကြောင်း သင်တန်း (သို့မဟုတ်) တက္ကသိုလ်ပညာရေး တက်ရောက်၍ ဘွဲ့ဒီဂရီတစ်ခုခုရပြီးပါက တန်ဘိုးရှိသော ဘဝကို ပိုင်ဆိုင် နိုင်အောင် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်သည့် ပညာရေးစနစ်ကို ပြောင်းလဲလျက်ရှိရာတွင် သင်ရိုးညွှန်းတမ်းအသစ်များတွင် ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို ဦးတည် ရေးဆွဲထားပြီး ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားဝေဖန် ပိုင်းခြားနိုင်သည့် စွမ်းရည်၊ တီထွင်ဖန်တီးနိုင်သည့် စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ် နိုင်သည့်စွမ်းရည် အစရှိသည့် စွမ်းရည်များကို အသုံးချပြီး လေ့လာသင်ယူနိုင်ရန် ရေးဆွဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် အရည်အသွေးမြင့် ပညာရေးကို ဖော်ဆောင်ရာတွင် ပညာရေးကောလိပ် များ၏အခန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ အရည်အသွေးရှိသော ဆရာဆရာမများ မွေးထုတ်နိုင်ရေးအတွက် ဆရာ ဆရာမများ အနေဖြင့် အထူးပြု ဘာသာရပ် ကျွမ်းကျင်မှု အပြင် အင်္ဂလိပ်စာ၊ ICT အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် စာများများဖတ်၍ သုတေသနစာတမ်း၊ သုတေသနလုပ်ငန်းများ၊ ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေး အားကစားပြိုင်ပွဲများ၊ ပန်းချီ၊ ဂီတ၊ အနုပညာကဏ္ဍများတွင် ကျောင်းသား ကျောင်းသူများပါဝင်စေရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်နေသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းပြီးစီးသည့်အခါ မိမိတာဝန်ကျ ရာကျောင်းမှ ကျောင်းသား ကျောင်းသူများအား လူသားကောင်းများဖြစ်အောင်၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ် စေရန်၊ တီထွင် ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခုပညာရေး ကောလိပ်တွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများသည် ပညာရေး၏အသက် သွေးကြောများပင် ဖြစ်ပါကြောင်းနှင့် ပညာရေးကောလိပ်များအားလုံးကို ပညာရေးဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်းဖြင့် ပြောကြားသည်။

   ယင်းနောက်တက်ရောက်လာသည့် ဆရာ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်း ရရှိသည်။ (ပညာရေး)



Bookmark the permalink.

Comments are closed.