ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီဝင်များ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့များတွေ့ဆုံ


Date : 10 January, 2018

26733945_1951005738552603_655917161082473850_n

Jan 1

ရန်ကုန် ဇန်နဝါရီ ၁၀

   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ သင်ရိုး ညွှန်းတမ်းရေးဆွဲရေးအဖွဲ့များတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည်။

   တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုကဲ့သို့ တွေ့ဆုံခြင်းသည် ပညာရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုတွင် အဓိကဖြစ်သည့် သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်း လဲရေးဆွဲရေးအတွက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ တွင် (၅)နှစ်အရွယ် ကလေးတိုင်း KG ကျောင်း အပ်လက်ခံပါကြောင်း၊ ယခုပညာသင်နှစ် ၂၀၁၇-၂၀၁၈ တွင် (၆)နှစ်အရွယ်ကလေးများ Grade-1 သင်ရိုးသစ် တွင် ကျောင်းအပ်လက်ခံခဲ့ပါကြောင်း၊ ယခုနှစ် Grade-1 ကျောင်းသား ကျောင်းသူ ကလေးငယ်များအားလုံး သည် ၂၀၁၈-၂၀၁၉ တွင် Grade-2 သင်ရိုးသစ်ဖြင့် သင်ယူရမည်ဖြစ်ပါကြောင်း၊ ကျန်အတန်းအားလုံး၏ ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာ ဆရာမလက်စွဲ သင်ရိုးညွှန်းတမ်းများအားလုံးကို ၂၀၂၂-၂၀၂၃ တွင် အပြီးရေးဆွဲမည် ဖြစ်ပါ ကြောင်း၊ ထို့ပြင် ၁၁ တန်းပညာရေးမှ KG +12 ပညာရေးကိုပြောင်းလဲရာတွင် လက်ရှိ ၂တန်းတိုးလာသော ကျောင်းသား အရေအတွက်နှင့်ကိုက်ညီသော ဆရာ ဆရာမ တိုးမြှင့်ခန့်ထားပေးရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ကျောင်းထွက်နှုန်း မြင့်မားခြင်း ကြောင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် သင်ယူမှုအခွင့် အလမ်းပိုမိုရရှိစေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး သွားလာရေး ခက်ခဲသောနေရာများတွင် ကျောင်းအဆင့်တိုးခြင်းများကို တိုးမြှင့် ဆောင်ရွ က်ပေးခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲသူများအနေဖြင့် ကျောင်းသုံး ဖတ်စာအုပ်များကို ရေးဆွဲရာတွင် မြေပြင်ပေါ်တွင်ကြုံ တွေ့နေရသည့် ဆရာ၊ စာသင်ခန်း၊ စာသင်ချိန် စသည်တို့နှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍ မူလတန်းပညာရေးသည် အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ Grade1, Grade2, Grade3 ကျောင်းသား ကျောင်းသူအားလုံးကို ဆရာ ဆရာမများက စာဖတ်နိုင်ရန်၊ စာရေးနိုင်ရန်၊ အခြေခံသင်္ချာတွက်နိုင်ရန် သင်ကြားသင်ယူ လေ့ကျင့်ပေးပါက တစ်သက်လုံး အတွက် စာရေးနိုင် စာဖတ်နိုင် တွက်ချက်နိုင်မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်သင်ကြား ပို့ချသူများ အနေဖြင့် အထူးပြုဘာသာရပ်နှင့် သင်ကြားသည့် ဘာသာရပ်ကိုက်ညီမှုရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမ များအား အရည်အသွေးပြည့်မီသော သင်ကြားသင်ယူမှုနည်းစနစ် သင်တန်းများပေးရန်လိုအပ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 ဖတ်စာအုပ်သစ်များအတွက် မူလတန်းပြ ဆရာ ဆရာမများ အားလုံး ကို သင်တန်းများပေးရန်လိုအပ်ပါကြောင်း၊ အခြေခံ ပညာကျောင်းများတွင် ဆရာ ကျောင်းသား အချိုးမျှတရေး၊ စာသင်ခန်းလိုအပ်ချက်များဖြည့်ဆည်းရေးတို့ကို စီမံကိန်းများရေးဆွဲပြုစု၍ အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပြင်ပေါ်မှ အခက်အခဲများကို မကြည့်ဘဲ ဆောင်ရွက်ပါက ပိုမိုခက်ခဲသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် လက်တွေ့ မြေပြင်ပေါ်မှ လိုအပ်ချက်များနှင့်လည်း လိုက်လျော ညီထွေမျှတမှုရှိရန် အရေးကြီးပါကြောင်း၊ ကျောင်းသုံး ဖတ်စာအုပ်များတွင် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးနှင့် ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်သော ပညာရေးအသိပညာများကိုလည်း ပေးရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ကျောင်းသုံးဖတ်စာအုပ် များတွင် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများ ဖြစ်အောင်၊ အများနှင့်ပူးပေါင်း ဆောင်ရွက် တတ်စေရန်၊ တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်စေရန်၊ တီထွင် ကြံဆနိုင်စွမ်းရှိသည့် လူငယ်များ ဖြစ်စေရန် ပြုစုပျိုးထောင်ပေးနိုင်ရေး ထည့်သွင်းရေးဆွဲ ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ သင်ရိုးညွှန်းတမ်း ရေးဆွဲသူများအနေဖြင့် လက်ရှိ အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်၍ အရည်အသွေးကောင်းသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲရန် အလေးအနက်ထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဝင်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့များ အနေဖြင့် အားလုံးဝိုင်းဝန်း ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြစေ လိုကြောင်းဖြင့် ပြောကြားသည်။

   ထို့နောက် ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမျိုးသား ပညာမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှု အစီအစဉ် တင်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်း အကြံပြု ကြသည်။

   ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှု အစီအစဉ် များအား ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနားလည်နိုင်ရေးအတွက် စကားဝိုင်း ဆွေးနွေးပွဲ များ ရိုက်ကူးထုတ်လွှင့်ခြင်းစသည့် အသိပညာ ပေးအစီအစဉ်များ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အရည်အသွေးနှင့် လိုက်လျော ညီထွေရှိရေးတို့အတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ခန်းမတွင် ဇန်နဝါရီလ (၁၀)ရက်နေ့မှ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KICE တို့ပူးပေါင်းကျင်းပသည့် ၂၀၁၈ မြန်မာ-ကိုရီးယား ပညာရေးပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.