ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


Date : 26 January, 2018

5

Jan 26

နေပြည်တော် ဇန်နဝါရီ ၂၆

 ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို (၂၆-၁-၂၀၁၈) ရက်နေ့ မွန်းလွဲ (၁)နာရီ တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

 ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေးနှင့် အရည်အသွေး ပြည့်ဝသော ပညာရေးစနစ်ကို ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အောက်ရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးမိသားစုများအား အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ICT၊ ရုံးလုပ်ငန်း၊ ဘာသာရပ်ဆိုင်ရာ မွန်းမံသင်တန်းစသည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းဆင်းပွဲတွင် အင်္ဂလိပ်စာကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁)၊ ရုံးလုပ်ငန်းအသုံးပြု ကွန်ပျူတာ အခြေခံကျွမ်းကျင် သင်တန်း အမှတ်စဉ်(၂)နှင့် ရုံးလုပ်ငန်းစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ်(၃)မှ သင်တန်းသား စုစုပေါင်း(၁၁၁)ဦး ကို သင်တန်းဆင်း လက်မှတ် ချီးမြှင့်ရမည်ဖြစ်သည့်အတွက် အလွန်ဝမ်းသာဂုဏ်ယူပါကြောင်း၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ရုံးလုပ်ငန်း စွမ်းရည်မြင့်မားရန် သင်ကြား ပို့ချပေးသည့် သင်တန်းများဖြစ်သဖြင့် ဌာနတိုင်းအတွက် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေး ရှိသည့် ပညာရေးစနစ် ဖြစ်ထွန်းအောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့တာဝန်ကျရာကဏ္ဍ အလိုက် မိသားစုစိတ်ဓာတ်ဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

  ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက အင်္ဂလိပ်စာကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁)၊ ရုံးလုပ်ငန်းအသုံးပြု ကွန်ပျူတာအခြေခံ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂)နှင့် ရုံးလုပ်ငန်း စွမ်းရည်မြှင့် သင်တန်းအမှတ်စဉ်(၃)များမှ သင်တန်းသား(၁၁၁)ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်သည်။

  ယနေ့ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ သင်တန်းသား၊ သင်တန်းသူများ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.