အသိပညာရှင် အတတ်ပညာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ


Date : 24 February, 2018

28166611_1975105349475975_380136847990870186_n

Feb 24 e&f

ရန်ကုန် ဖေဖော်ဝါရီ ၂၄

   ”လောကဥယျာဉ်မှူး” ဇာတ်ကား ဖန်တီးပုံဖော်ခဲ့ကြသည့် အသိပညာရှင် အတတ်ပညာရှင် များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

   အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ၂၀၁၄ ခုနှစ် မတ်လတွင် Education Channel စတင်ဖွဲ့စည်းရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ဦးဆောင်ကာ နိုင်ငံပိုင်နှင့်ပုဂ္ဂလိက မီဒီယာအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း Forever Media Group အသေးစိတ်ညှိနှိုင်းခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ သင်တန်းများကို ပံ့ပိုးပေးခြင်း စသည့်တို့ကို ကြည့်ခြင်း အားဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် Forever Group တို့၏ ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်ကူညီမှု များသည် ကျေနပ်ဖွယ်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူ့အစိုးရ တက်လာပြီးနောက် ၂၀၁၆ ခုနှစ် စက်တင်ဘာ (၁) ရက်နေ့ မှစတင်ပြီး မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာနကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာ ရေးဦးစီးဌာန အမည်ပြောင်းလဲပြီး ဦးစီးဌာနအနေဖြင့် အခြေခံစာတတ်မြောက်ရေး အစီအစဉ်၊ ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များအပြင် ပညာရေးဆိုင်ရာ သတင်း အချက်အလက်များနှင့် စပ်လျဉ်းပြီး ပြည်သူလူထု၊ မိဘ၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ သိရှိစေရန်အတွက် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှတစ်ဆင့် ပညာပေး ဇာတ်လမ်းတိုများ၊ Talk Show များ၊ သင်ခန်းစာပို့ချနေသည့် အစီအစဉ်ပုံစံများ ထုတ်လွှင့်ပေးခြင်းအပြင် နေ့စဉ်ထုတ် သတင်းစာများနှင့် ပညာရေး သတင်းလွှာများတွင် ပညာရေးဆိုင်ရာ လှုပ်ရှားမှု၊ သတင်းနှင့်ဆောင်းပါးများ၊ ပညာရေးဆိုင်ရာ ကြေညာချက်များကို အခါအားလျော် စွာ ရေးသားထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ပညာရေး၊ ပညာပေး ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတိုများ၊ မြန်မာစာ မြန်မာစကားအစီအစဉ်များ၊ ပညာရေးဝန်ကြီးဌာနက တာဝန် ပေးအပ်သည့် ပညာရေးအစီအစဉ်များကို ရိုက်ကူး ထုတ်လုပ် တည်းဖြတ်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်လွှင့်ပြသခြင်း၊ ပညာရေးဝန်ကြီးဌာန Website မှ လွှင့်တင်ခြင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန Website နှင့် Educational Information Department Facebook မှ ဖော်ပြလျက် ရှိသည်ကို တွေ့ရှိရပါကြောင်းဖြင့် ပြောကြားသည်။

  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမြင့်သော ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် စွမ်းဆောင်ရည်မြင့်မားသည့် ဆရာ၊ ဆရာမများ အထူးလိုအပ်သည့်အတွက် ဆရာ ဆရာမများအတွက် ဝေးလံဒေသရှိ ကျောင်းများမှ ဆရာနှင့် ကျောင်းသား များကို အထောက်အကူပြုနိုင်မည့် ဇာတ်လမ်းများရိုက်ကူးထုတ် လွှင့်ရမည်ဖြစ်ပါကြောင်း၊ School Calendar အရ ဆောင်ရွက်လျက် ရှိသည့် လှုပ်ရှားမှုများကို ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်ပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ဆောင်ရွက် လျက်ရှိသည့် အခြေခံစာ တတ်မြောက်ရေး အစီအစဉ်၊ လုပ်ငန်းအကျိုးပြု စာတတ်မြောက်ရေးအစီအစဉ်၊ ကျောင်းပြင်ပ မူလတန်း ပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များနှင့် ပတ်သက်ပြီး အများပြည်သူသိရှိအောင် ရိုက်ကူး ထုတ်လွှင့် ပေးမည်ဆိုပါက မြို့ကြီးပြကြီးများနှင့် ကျေးလက်တောရွာများ ပါမကျန် အကျိုးကျေးဇူးများစွာရရှိနိုင် မည်ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန အနေဖြင့်လည်း ပူးပေါင်းရိုက်ကူးခဲ့သည့် ဇာတ်လမ်းတိုများ၊ ပညာရေးအစီအစဉ်များမှ အတွေ့အကြုံ ကောင်းများကိုရယူပြီး ပညာရေးဝန်ကြီးဌာန၏ နယ်ပယ်အသီးသီး တွင်ရှိနေကြသည့် ပညာရေးကဏ္ဍစုံမှ ဆရာ ဆရာမများ၏ သဘောသဘာဝများ၊ အနစ်နာခံမှုများကို ဖော်ထုတ်ပြသပေးနိုင်ရေးကိုလည်း တိုက်တွန်းလိုပါကြောင်း၊ Forever Group အနေဖြင့် ပညာရေးဝန်ကြီးဌာန၏ Education Channel ကိုလည်း ဆက်လက်ပူးပေါင်းပေးပြီး ပညာရေးဆိုင်ရာ အသိပညာပေး ဇာတ်လမ်းများ၊ အစီအစဉ်များရိုက်ကူးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များအပေါ် ပံ့ပိုးပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဆရာ ဆရာမများအနေဖြင့် အနာဂတ်ကလေး ငယ်များကို အလှပဆုံး၊ အလန်းဆန်းဆုံးဖြစ်အောင် ဖန်တီးပုံဖော် ကြသည့် လောကဥယျာဉ်မှူးများဖြစ်အောင် နှလုံးသားမူဟန်ဖြင့် ပြုစုပျိုးထောင် ကြစေလိုကြောင်း ပြောကြားသည်။

   ထို့နောက် ပညာရေး နည်းပညာနှင့်သတင်းဖြန့်ချိရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခက “လောကဥယျာဉ်မှူး” ဇာတ်ကား ဖြစ်ပေါ် လာပုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက Forever Group မှတာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

   ထို့နောက် လောကဥယျာဉ်မှူးဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသူများ၏ သက်ဝင်လှုပ်ရှား မှုများကို အကျဉ်းချုပ် ထုတ်နှုတ်တင်ပြပြီး လောကဥယျာဉ်မှူးဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် ၁၀ ဦးအား ဂုဏ်ပြုလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.