မြန်မာနိုင်ငံတစ်ဝန်းလုံး တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပ


Date : 7 March, 2018

????????????????????????????????????

Mar 3

နေပြည်တော် မတ် ၇

  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ ပညာရေးဝန်ကြီးဌာနရှှိ သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် မတ်လ(၇)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

  ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသားကျောင်းသူများ မြန်မာစာဘာသာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးရန်အတွက် စာမေးပွဲစည်းမျဉ်း စည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

  အလားတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းသည် တာဝန်ရှိ သူများလိုက်ပါလျှက် ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုနေသည့် အကြားအာရုံချိုတဲ့သော ကျောင်းသား ကျောင်းသူများနှင့် ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဝင်ရောက်ဖြေဆိုနေသည့် အမြင်အာရုံချိုတဲ့သော ကျောင်းသား ကျောင်းသူများအား သွားရောက် ကြည့်ရှုအားပေးကာ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာဖြေဆို နေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက် နေမှုများကို လှည့်လည် ကြည့်ရှုကြသည်။

  မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၇) ရက် မှ စတင်ကျင်းပလျက်ရှိရာ နိုင်ငံခြား စာစစ်ဌာန (၂၁) ခု၊ ပြည်တွင်စာစစ်ဌာန (၁၇၂၁) ခု၊ စုစုပေါင်းစာစစ်ဌာန(၁၇၄၂)ခုတွင် စုစုပေါင်း(၈၄၄၃၅၈) ဦး စာရင်းပေးသွင်း ပြီး (၇၈၈၈၅၉) ဦး ဝင်ရောက်ဖြေဆိုကြသည်။

  နေပြည်တော်ကောင်စီနယ်မြေတစ်ခုလုံးရှိ စာစစ်ဌာနပေါင်း (၄၄) ခုတွင် (၂၃၈၅၀) ဦး စာရင်းပေးသွင်းကြပြီး (၂၂၃၈၉) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.