ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု


Date : 8 March, 2018

????????????????????????????????????

March 8

နေပြည်တော် မတ် ၈

 ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျှက် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ (အင်္ဂလိပ်ဘာသာ) ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။

 ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင် ရွက်မှုများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စာမေးပွဲကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးကြရန်မှာကြားသည်။

  အလားတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်သည် တာဝန်ရှိသူများ လိုက်ပါလျှက် လယ်ဝေးမြို့နယ် သဲဖြူ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(အေလာ)၊ ပျဉ်းမနားမြို့နယ် သစ်လေးလုံး အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ သွားရောက်ပြီး စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုကာ စာမေးပွဲကြီးကြပ်ဆရာ၊ ဆရာမများအား စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ဖြေဆိုကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်မှာကြားသည်။

 တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန (၁၇၂၁) ခု နှင့် နိုင်ငံခြားစာစစ်ဌာန (၂၁) ခု စုစုပေါင်း စာစစ်ဌာန (၁၇၄၂) ခု တို့၌ ဖြေဆိုခွင့်ရှိသူ ကျောင်းသား ကျောင်းသူ (၈၄၄၃၅၈) ဦး ရှိသည့်အနက် (၇၈၉၀၇၀) ဦး ဖြေဆိုခဲ့ကြပြီး ပျက်ကွက်သူဦးရေ (၅၅၂၈၈) ရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၄၅ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

 ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ စာစစ်ဌာနပေါင်း (၄၄) ခုတွင် (၂၃၈၅၀) ဦး စာရင်းပေးသွင်းကြပြီး (၂၂၃၅၇) ဦး ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်သူဦးရေ (၁၄၉၃) ဦး ရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၉၄ ရာခိုင်နှုန်း ဖြစ်ကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.