Myanmar Scholar and Leaders Program နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနား


Date : 9 March, 2018

DSC_4742

GIFMaker.org_8Q41YH ရန်ကုန် မတ် ၉

  ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)နှင့် The Burmese American Community Institute (BACI) တို့ ပူးပေါင်းဆောင်ရွက်သည့် Myanmar Scholar and Leaders Program နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပညာ ရေးဝန်ကြီးဌာနအနေဖြင့် Myanmar Scholar and Leaders Program အတွက် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးနိုင်ခြင်းအား ဂုဏ်ယူပါကြောင်း၊ The Burmese American Community Institute (BACI) နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် ပညာရေး ဝန်ကြီးဌာန၏ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် လိုသော စိတ်ဆန္ဒကို ထင်ဟပ်စေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းကို အကောင်ထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ထိုစီမံကိန်း သည် မြန့်မာ့ပညာရေး အရည်အသွေးတိုးတက်ရေးနှင့် ကျောင်းသား ကျောင်းသူတို့ကို အရည်သွေးပြည့်မီသော ပညာရေးရရှိစေရန် အဓိကထား ဆောင်ရွက်နေပါကြောင်း။

  ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေး တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု၏ အရေးကြီးခြင်းကို နားလည်ပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်ပေါက်မြောက်ရေး အတွက် လိုအပ်သော အရင်းအမြစ်များကို ထောက်ပံ့ပေးရန် ဆောင်ရွက်နေပါကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ အကူအညီများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရရှိခြင်းကြောင့် ကျေနပ်မိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အရှေ့တောင် အာရှတွင် သုတေသန စင်တာနှင့် ပညာရှင်များမွေထုတ်ပေးရာ အကောင်းဆုံး တက္ကသိုလ်တစ်ခုအဖြစ် ပေါ်ပေါက်ရန် အမေရိကန်နိုင်ငံအပါအ၀င် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း။

 ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များမှ ပူးပေါင်းဆောင်ရွက်လိုသော မိတ်ဖက်အဖွဲ့ အစည်းများကို ဖိတ်ခေါ်လိုပါကြောင်း၊ ထိုအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၏ ပူးပေါင်း ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ တက္ကသိုလ်များ တည် ဆောက်ရာတွင် အကျိုးဖြစ်ထွန်းစေပြီး ဒီမိုကရေစီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုပါကြောင်းနှင့် ပရိုဂရမ်မှ အောင်မြင်ဖြစ်ထွန်းပြီး အကျိုးရှိသော ရလဒ်ကောင်းများကို မျှော်လင့် ပါကြောင်းဖြင့် ပြောကြားသည်။

   ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H. E. Mr. Scot Marciel က အမှာစကားပြောကြားသည်။

 ထို့နောက် ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) မှ ညွှန်ကြားရေးမှူးချုပ် (တာဝန်) ‌ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် BACI မှ Executive Director, Mr. Elaisa Vahnie တို့က Myanmar Scholar and Leaders Program နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြသည်။

 ယနေ့ရေးထိုးသည့် နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ ထူးချွန်လူငယ် လူရွယ် များအား အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များတွင် Public Policy, Economics, Law, Engineering, Water Management, Agriculture နှင့် အခြား Social Science ဘာသာရပ်များနှင့်သက်ဆိုင်သည့် မဟာဘွဲ့များ၊ ပါရ ဂူဘွဲ့သင်တန်းများကို စေလွှတ်သင် ကြားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

  အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိ သူများနှင့် BACI မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.