National ICT Awards 2017 (Educational Project & Skills Competition)ဆုချီးမြှင့်ပွဲနှင့် အမျိုးသားအဆင့် ပြိုင်ပွဲဝင် ပရော့ဂျက်များခင်းကျင်းပြသပွဲ အခမ်းအနားကျင်းပ


Date : 24 March, 2018

DSC_5320

Mar 24

ရန်ကုန် မတ် ၂၄

   ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2017(Educational Project & Skills Competition)ဆုချီးမြှင့်ပွဲနှင့် အမျိုးသားအဆင့် ပြိုင်ပွဲဝင် ပရော့ဂျက်များ ခင်းကျင်းပြသပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေ MICT Park ရှိ Conference Hall ၌ ကျင်းပသည်။

   အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာ ယနေ့ ကျင်းပသည့် ပြိုင်ပွဲသည် ဆရာ ဆရာမများ၏ ICT ဆိုင်ရာ အရည်အသွေးမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ၏ ICT ဆိုင်ရာ အရည်အသွေး မြင့်မားရေး ပြုစုပျိုးထောင်ပေးသည့် ပြိုင်ပွဲဖြစ်ပါကြောင်း၊ နည်းပညာ များသည် ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ ဖွံ့ဖြိုး တိုးတက်လျက်ရှိပါကြောင်း၊ သို့ရာတွင် နည်းပညာကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရမည့် မြန်မာနိုင်ငံအနေဖြင့် နည်းပညာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးများသည် အဓိက စိန်ခေါ်မှုများပင် ဖြစ်ပါကြောင်း၊ ICT နည်းပညာကိုသာ ထိရောက်အကျိုးရှိစွာ အသုံးချနိုင်မည် ဆိုပါက ပိုမိုကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဦးချင်း အောင်မြင်မှုသည် အများ၏ အောင်မြင်မှု မဟုတ်သည့်အတွက် ပြိုင်ပွဲများတွင် ဆုရရှိရေးကိုသာ ဦးမတည်ဘဲ အများနှင့်ပူးပေါင်း ဆောင်ရွက်ပြီး နည်းပညာများကို မျှဝေပေးကြရန် လိုအပ်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများသည် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက် တတ်ပြီး တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက ကူညီဖြည့်ဆည်းဆောင်ရွက် ပေးရန်အတွက် များများနားထောင်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာမှ သုတေသနစာအုပ်များ၊ နည်းပညာ ဆိုင်ရာစာအုပ်များ၊ သိပံ္ပဘာသာရပ်နှင့်သင်္ချာဘာသာရပ်ဆိုင်ရာများကို လေ့လာ နိုင်ရန်အတွက် အင်္ဂလိပ်စာ ကောင်းမွန်ရန်လိုအပ်ပြီး စာများများဖတ်ရန်နှင့် များများသင်ယူရန်လိုအပ်ပါကြောင်း၊ (၂)နှစ်သင် ပညာရေး ကောလိပ်များကို(၄)နှစ်သင်ပညာရေးကောလိပ်များအဖြစ် မဖြစ်မနေမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများဖြစ်စေရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက် တတ်သော တာဝန်ယူ တာဝန်ခံဆောင်ရွက်တတ်စေရေး၊ တီထွင်ကြံဆနိုင်စွမ်း ရှိသည့် လူငယ်များဖြစ်စေရေး ပြုစုပျိုးထောင် သင်ကြား သင်ယူ လေ့ကျင့်ပေးလျက်ရှိ ပါကြောင်း၊ အရည်အသွေး ရှိသော ပညာရေးကို အကောင်အထည်ဖော် ဆောင်ရာတွင် ဆရာ ဆရာမများ၏ အရည်အသွေးသည် အဓိက အရေးကြီးပါကြောင်း၊ ပြိုင်ပွဲများကို တရားမျှတသော၊ ဘက်မလိုက်သော ပြိုင်ပွဲများအနေဖြင့် ယှဉ်ပြိုင်ကြပြီး ကျောင်းသား ကျောင်းသူများ၏ လုပ်နိုင်စွမ်းကို အားပေးမြှင့်တင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လာမည့်နှစ် များတွင် ယခုကဲ့သို့ပြိုင်ပွဲများမှ ကျောင်းသား ကျောင်းသူများ၏ လုပ်နိုင်စွမ်းကို အားပေးမြှင့်တင်ပြီး ထူးချွန်သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများကို ဆက်လက်ကူညီပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုပါကြောင်း နှင့် ပြိုင်ပွဲကျင်းပ နိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသော မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် အလှူရှင်များ၊ မိဘ အုပ်ထိန်းသူများ၊ ပြည်သူများ၊ ကျောင်းသား ကျောင်း သူများ၊ ဆရာ ဆရာမများအားလုံးကို ပညာရေးဝန်ကြီးဌာနအနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းဖြင့်ပြော ကြားသည်။

   ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါ်သန်းသန်းဆင့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက National ICT Awards 2017 (Educational Project & Skills Competition) ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

   ဆက်လက်၍ National ICT Awards 2017 ပြိုင်ပွဲ ဆုရွေးချယ်ရေးအတွက် အကဲဖြတ် ပေးခဲ့ကြသည့် အခြေခံပညာဦးစီးဌာန၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူတာ ဝါသနာရှင်များအသင်းတို့မှ အကဲဖြတ် ပညာရှင်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပြီး National ICT Awards 2017 ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

   ယင်းနောက် အခြေခံပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မှတ်တမ်း) ဦးခင်မောင်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.