ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၁၈) နေပြည်တော် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


Date : 12 May, 2018

????????????????????????????????????

May 12

 ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၁၈) နေပြည်တော် သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၁၂ရက်နေ့ နံနက် ၉နာရီတွင်နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း ၊ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေ ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ ပညာရေးမိသားစုဝင်များ တက်ရောက်ကြသည်။

 ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သင်တန်းသည် နေပြည်တော်တွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့သော ပညာရေးစီမံခန့်ခွဲ မှု သင်တန်းဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများ အနေဖြင့် ယခုသင်တန်းတွင် သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပညာရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်ကြားပို့ချချက် များနှင့် မိမိတို့၏ အတွေ့အကြုံများကို မျှဝေဖလှယ် နိုင်ကြမည် ဖြစ်ပါကြောင်း သင်တန်း အတွေ့အကြုံများက မိမိတို့ဆောင်ရွက် နေသည့် ပညာရေးကဏ္ဍများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက် ပေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ပညာရည်မြင့်မားရေး အတွက် အရည်အသွေးရှိသော ဆရာဆရာမများသည် အဓိကကျပါကြောင်း၊ ဆရာဆရာမများ အရည်အသွေး မြင့်မားရေးအတွက် ကျောင်းအုပ်ကြီးများ၏ ပံ့ပိုးကူညီမှု၊ စီမံခန့်ခွဲမှုများက အရေးကြီးပါကြောင်း၊ ကျောင်းဖွင့်ရာသီ နီးကပ်လာပြီ ဖြစ်သောကြောင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းရောက်ရှိရေး မူလတန်းပညာ သင်ယူပြီး မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အခမဲ့ဖြန့်ဝေသည့် ဗလာစာအုပ်များ ကျောင်းသုံး ဖတ်စာအုပ်များ၊ ကျောင်းဝတ်စုံများကို ကျောင်းလာအပ်သူတိုင်း လက်ထဲအရောက် ဖြန့်ဝေပေးကြရန်နှင့် သင်ကြားသင်ယူမှု လုပ်ငန်းများကို ဇွန်လ(၁) ရက်နေ့ ကတည်းက အင်ပြည့်အားပြည့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်း များဖြစ်အောင် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်အောင် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်အောင် တီထွင်ကြံဆတတ်အောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အမှာစကားပြောကြားသည်။

 ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာဇော်ဝင်းက ခက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်တို့မှ သင်တန်းသား သင်တန်းသူများကိုယ်စား ကိုယ်စားလှယ်များအား သင်တန်းဆင်း လက်မှတ်ချီးမြှင့်သည်။ ယင်းနောက် သင်တန်းသား သင်တန်းသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

 ထို့နောက် သင်တန်းသားသင်တန်းသူများက “မင်းသားနှင့်မင်းသားနှစ်ပါးပြိုင်” အက “ထာဝရသစ္စာ” အကများဖြင့် ကပြဖျော်ဖြေကြ သည်။ အဆိုပါ သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူများဖြစ်သော အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီး(၉၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ(၂၃)ရက်မှ မေလ(၁၂)ရက် နေ့အထိဖြစ်သည်။

 ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိကာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဒုတိယတန်း သင်ရိုးသစ်သင်တန်းသို့ တက်ရောက်နေသည့် ဆရာဆရာမများအား လှည့်လည်ကြည့်ရှု အားပေး၍ သင်ကြားရေး စီမံခန့်ခွဲရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.