ပညာရေးဆိုင်ရာ အဆင့်မြင့်စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 17 May, 2018

DSC_6416

May 17

  ပြောင်းလဲလာသည့် စနစ်များနှင့်အညီ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ်များကို စွမ်းရည်ပြည့်ဝ၍ ထိရောက်စွာ စီမံခန့်ခွဲ နိုင်စေရန်၊ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏အဆင့်မြင့်စီမံခန့်ခွဲသူများ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အရည်အချင်း များ တိုးတက်မြင့်မားစေရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် အဆင့်မီ ပူးပေါင်းဆောင်ရွက်ကာ တက္ကသိုလ် ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ပညာရေးအရည်အသွေးကို တိုးတက် စေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ပညာရေးဆိုင်ရာ အဆင့်မြင့် စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန် စီးပွားရေး  တက္ကသိုလ် နီလာရတုခန်းမ၌ ကျင်းပသည်။

  အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာန၏ မျှော်မှန်းရလဒ် အနေဖြင့် လူသားကောင်းများ ဖြစ်စေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သူများ ဖြစ်စေရန်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက် တတ်စေရန်၊ တီထွင်ဆန်းသစ် နိုင်စွမ်းရှိသူ များဖြစ်လာစေရန် ပြုစုပျိုးထောင် သင်ကြား သင်ယူ လေ့ကျင့်ပေး လျက်ရှိပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူ ပပျောက်ရေး၊ မည်သည့် ခွဲခြားမှုမျှ မရှိရေးကို အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးသည် နိုင်ငံ သားတစ်ဦးချင်း၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန် အခွင့်အလမ်းများ ဖန်တီးပေးပြီး မိမိတို့ရပ်ရွာ ဒေသ အသိုက်အဝန်း တွင် အောင်မြင်သောသူများ ဖြစ်လာရုံသာမက အမျိုးသားလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုများတွင်လည်း တက်ကြွစွာပါဝင် ဆောင်ရွက် နိုင်စေရန် ပံ့ပိုးကူညီပေးပါကြောင်း၊ မြန်မာ့လူမှု ပတ်ဝန်းကျင်တွင် ပညာရေးသည် လူမှုရေးဆိုင်ရာ အဆင့်ဆင့် တိုးတက်ပြောင်း လဲမှုအတွက် အဓိကဖော်ဆောင်ပေးသကဲ့သို့ နိုင်ငံတည်ဆောက်ရေး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဓိက အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိရာတွင် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ တက္ကသိုလ် ဒီဂရီ ကောလိပ်များ၌ စီမံခန့်ခွဲရေး တာဝန်ယူ ဆောင်ရွက်နေသည့် အဆင့်မြင့် စီမံခန့်ခွဲသူများအတွက် ပညာရေးဆိုင်ရာ အဆင့်မြင့် စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)ကို စီစဉ်ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ရေးရာ မူဝါဒများအပါအဝင် ပညာရေး အဆင့်အတန်း အရည်အသွေးအာမခံမှုနှင့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ၊ ပညာရေး စီမံကိန်းဆိုင်ရာနှင့် သတင်းအချက်အလက် ဆိုင်ရာများကို အမျိုးသားပညာရေး စီမံကိန်း(၂၀၁၆-၂၀၂၁) ကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ နိုင်ငံ၏လူမှုရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်သည့် ကမ္ဘာ့အဆင့်အတန်းမီသော ပညာရေးစနစ် ဖြစ်လာစေရန် သုတေသနလုပ်ငန်းများနှင့် ဆန်းသစ် တီထွင်မှု များကို အလေးထားပြီး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း အဆင့်မြင့်ပညာ ကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံ၏ အရည်အသွေးပိုင်းကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း အမျိုးသားပညာရေးစနစ် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ကျောင်းများနှင့် ပညာသင်ယူရာဌာနများတွင် အရည်အသွေး အာမခံမှုစနစ်တစ်ရပ် ထားရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နည်းပညာရှင်များ ပညာရေးစီမံခန့်ခွဲ သူများ ကျောင်းများ သင်တန်းဌာနများနှင့် တက္ကသိုလ်များမှ ဦးဆောင် သူများ၏ အရည်အသွေးကို မြှင့်တင်ပေး မည့်သင်တန်းများတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

  ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်က အမျိုးသားပညာရေး မူဝါဒကော်မရှင် နှင့်ဆက်စပ်ကော်မတီများ ဖွဲ့စည်းခြင်းနှင့် အဓိကဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အကျဉ်းချုပ် ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ပညာရေးဆိုင်ရာ အဆင့်မြင့် စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သို့ ဝိဇ္ဇာနှင့်သိပံ္ပတက္ကသိုလ် များမှ ပါမောက္ခ(၁၆)ဦး၊ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်တို့မှ ပါမောက္ခ(၉)ဦး၊ စီးပွားရေးတက္ကသိုလ်များမှ ပါမောက္ခ(၃)ဦး၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပါမောက္ခ(၃)ဦး စုစုပေါင်း ပါမောက္ခ (၃၁)ဦးတက်ရောက်ကြပြီး မေလ(၁၄) ရက်မှ နိုဝင်ဘာလအထိ အချိန်ပိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

  ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိကာ မြို့နယ်ပညာရေးမှူး(၈)ဦး၊ အထက် တန်းကျောင်းအုပ်(၆၀)ဦး၊ အလယ်တန်း ကျောင်းအုပ် (၁၀၉)ဦး၊ မူလတန်းကျောင်းအုပ်(၂၈၄)ဦး၊ ရွှေပြည်သာ မြို့နယ်မှ ဆရာ ဆရာမ(၅၇)ဦး၊ လှိုင်သာယာမြို့နယ်မှ (၅၈)ဦး စုစုပေါင်း ဆရာ ဆရာမ(၅၇၆)ဦးတို့နှင့် တွေ့ဆုံ၍ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ၊ ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ရေး၊ ကျောင်းဆောင် တိုးချဲ့ ဆောက်လုပ်ရေးနှင့် ကျောင်းအပ်နှံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ထိုကျောင်းတွင် ကျောင်းအုပ်စုအဆင့် ဒုတိယတန်းသင်ရိုးညွှန်းတမ်းအသစ်ဖြင့် ပြုစုထားသော ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ် များဖြင့် သင်တန်း ဆောင်ရွက်နေမှုများကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.