ပြည်ထောင်စုဝန်ကြီးနှင့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီများ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့များတွေ့ဆုံညှိနှိုင်းဆွေးနွေး


Date : 10 June, 2018

DSC_9905

June 10

  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ်သင်ရိုး ညွှန်းတမ်းကော်မတီများ(SWC)၊ သင်ရိုး ညွှန်းတမ်း ရေးဆွဲရေးအဖွဲ့(CDT)များ၊ အကူအညီအထောက် အပံ့ပေးသည့် JICA နှင့် ADB တို့မှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူ များအား တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းတီထွင်ကြံဆတတ်သော လူသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်သင်ကြားသင်ယူလေ့ကျင့်ပေးနိုင်ရေးကို ဦးတည်၍ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီက အတည်ပြုထားသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေး သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ယူမှုနယ်ပယ်နှင့် သင်ကြားမည့် အကြောင်းအရာ(Scope and Sequence)အတိုင်း ကျောင်းသုံး ဖတ်စာအုပ်များကို ပြုစုရန်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ အသုံးပြုမည့် Grade-3 နှင့် Grade-6 ကျောင်းသုံးဖတ် စာအုပ်များနှင့် ဆရာ လမ်းညွှန်စာအုပ်တို့ကို အချိန်မီရေးသား ပြီးစီးနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်း ခြင်းဖြစ်ပါကြောင်း၊ Grade-3 နှင့် Grade-6 ကျောင်းသုံး ဖတ်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လိုအပ်ချက်အခက်အခဲ စိန်ခေါ်မှု များကို တင်ပြကြစေလိုကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် မြန်မာစာသင်ရိုးညွှန်းတမ်းကော်မတီ၊ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းကော်မတီ၊ သင်္ချာသင်ရိုးညွှန်းတမ်းကော်မတီ၊ သိပ္ပံသင်ရိုးညွှန်းတမ်းကော်မတီ၊ ပထဝီဝင်သင်ရိုးညွှန်းတမ်း ကော်မတီ၊ သမိုင်းသင်ရိုးညွှန်းတမ်းကော်မတီ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ သင်ရိုးညွှန်းတမ်း ကော်မတီ၊ ကာယပညာ သင်ရိုးညွှန်းတမ်းကော်မတီဝင်များနှင့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ များက ဘာသာရပ်အလိုက် သင်ယူမှုနယ်ပယနှင့် သင်ကြားမည့် အကြောင်းအရာ (Scope and Sequence) ဆောင်ရွက် ထားရှိမှုများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အသုံးပြုမည့် Grade-3 နှင့် Grade-6 ကျောင်းသုံးဖတ်စာအုပ်နှင့် ဆရာ လမ်းညွှန်စာအုပ်များ ပြုစုဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်း လိုအပ်ချက် အခက်အခဲ မပြည့်စုံမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင် ပြကြသည်။
ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာရိတ္တနှင့် ပြည်သူ့နီတိ၊ အနုပညာ(ဂီတ)၊ အနုပညာ(ပန်းချီ)၊ ဘောဂဗေဒ၊ ICT ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီများ(SWC)၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ (CDT) များ ဆက်လက် တွေ့ဆုံညှိနှိုင်း ဆွေး နွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.