အခြေခံပညာ အရည်အသွေးမြင့်မားရေး အထောက်အကူပြု သိပ္ပံပစ္စည်းကိရိယာပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 14 June, 2018

5

June 14

    ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကျင်းပသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ China Science and Technology Museum သိပ္ပံပစ္စည်းကိရိယာပြပွဲ ဖွင့်ပွဲအခမ်း အနားကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။

    ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် သိပ္ပံပစ္စည်းကိရိယာပြပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးခဲ့သူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ China Science and Technology Museum မှ တာဝန်ရှိသူများ၊ အခြေခံကျောင်းများမှ ကျောင်းအုပ်၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Science and Technology Museum မှ ယခုလို သိပ္ပံပစ္စည်းကိရိယာများ လာရောက် ပြသပေးခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

  ယနေ့ ၂၁ ရာစု ကမ္ဘာကြီးကို နည်းပညာများက လွှမ်းမိုးနေပါကြောင်း၊ နိုင်ငံတကာလူ့အဖွဲ့ အစည်းကို နည်းပညာများက စိန်ခေါ်နေပါကြောင်း တနည်းအားဖြင့် ၂၁ ရာစု ပညာခေတ်စိန်ခေါ် မှုများဖြစ်ပါကြောင်း၊ အစဉ်လေ့လာသင်ယူနိုင်ရန်အတွက် Grade-3 ပြီးသွားသည့်အခါတွင် အခြေခံစာဖတ်၊ စာရေး၊ သင်္ချာတွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ယနေ့မျက်မှောက်ကာလမှာ နည်းပညာတို့၏ စိန်ခေါ်မှုကို ရင်ဆိုင်ကျော်လွှားနိုင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေး ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ သိပ္ပံပစ္စည်းကိရိယာ ပြပွဲလာရောက်ကျင်းပပေးခြင်းသည် စာသင်ခန်းအတွင်းမှ သင်ကြားသင်ယူမှုလုပ်ငန်းတွေမှာ လက်တွေ့မျက်မြင် လေ့လာ နိုင်တဲ့ သိပ္ပံပြခန်း၊ သိပ္ပံဘဝနှင့် သိပ္ပံလက်တွေ့နယ်ပယ်များဖြစ်သော Acousto-optic Experience၊ Electromagnetic Exploration၊ Movement of Melody၊ Mathematical Charm၊ Life Encyclopedia၊ Scientific Performance၊ Robot Show၊ 3D Printer၊ VR Glasses ဆိုင်ရာ ပစ္စည်းပြခန်းများနှင့် Circular Dome Movie တွေကို ပြသတဲ့ Dome Theater တို့သည် ဆရာ ဆရာများ ကျောင်းသား ကျောင်းသူများနဲ့ သင်ယူသူများရဲ့ တီထွင်ကြံဆနိုင်စွမ်းရည်ကို များစွာမြှင့်တင်စေမည်ဖြစ်ပါကြောင်း။

  သိပ္ပံပစ္စည်းကိရိယာနှင့် စပ်လျဉ်းသည့် သင်တန်းကို ဆရာ ဆရာမ ၃၀ ဦး တက်ရောက် ခဲ့ပြီး၊ ၎င်းသင်တန်းဆင်း ဆရာ ဆရာမများသည် သင်ကြားသင်ယူရာတွင် သီအိုရီပိုင်းကို ကောင်းစွာနားလည် သဘောပေါက်ပြီး နည်းပညာနှင့် လက်တွေ့ ပူးပေါင်းသင်ကြားမည် ဆိုပါက အောင်မြင်သော သင်ကြားသင်ယူမှုကို ရရှိမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများ လေ့လာနိုင်ရေး နေပြည်တော်တွင် ၆ လခန့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း၊ ယခု သိပ္ပံပစ္စည်းပြခန်းများသည် ရွေ့လျားစနစ် ပြခန်းအမျိုးအစားဖြစ်သည့်အတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်လည်း ရွေ့ပြောင်းပြသနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

  ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Chief Staff member, Minister Counselor, Ms. Li Xiao Yan က အမှာစကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing မှ China Science and Technology Museum ကျောင်းအုပ်ကြီး General Director Mr. Yin Hao က ပြပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် နှစ်ဖက်နိုင်ငံများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ ပါသည်။

  ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊နေပြည်တော်ကောင်စီ ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ပညာရှင်များ၊ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သိပ္ပံပစ္စည်းကိရိယာများ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည်လည်ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 June 14



Bookmark the permalink.

Comments are closed.