ဆရာကြီး ဒေါက်တာမျိုးမြင့်၏ရုပ်ထုဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 23 July, 2018

37571977_2074547796198396_1276040324149411840_o

GIFMaker.org_KubokC

ရန်ကုန် ဇူလိုင် ၂၂

ဆရာကြီး ဒေါက်တာမျိုးမြင့်၏ရုပ်ထုဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကုန် တက္ကသိုလ် ပင်လုံဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခဌာနမှူး(ငြိမ်း) ဆရာကြီးဦးသီဟ၊ ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ ဌာနမှူး(ငြိမ်း)ဒေါ်ခင်လေးမြင့်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ အဖွဲ့ဝင် ဒေါက်တာ လွင်လွင်စိုးတို့က ဆရာကြီး ဒေါက်တာမျိုးမြင့်၏ရုပ်ထုဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်တို့က ဆရာကြီးဒေါက်တာမျိုးမြင့်၏ ရုပ်ထုအား စက်ခလုတ်နှိပ် ဖွင့်လှစ်ကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ဆရာကြီး ဒေါက်တာမျိုးမြင့်၏ရုပ်ထုကိုထုလုပ်ရခြင်းသည် ဆရာကြီးကိုအမြဲတမ်း အမှတ်ရပြီး စံနမူနာ ယူနိုင်ရန် ဆရာကြီးကဲ့သို့ စည်းကမ်းရှိသည့် ထူးချွန်ထက်မြက်သည့် အနစ်နာခံနိုင်သည့် စိတ်ထားရှိသူများ ဖြစ်လာကြစေရန် ကြိုးပမ်းအားထုတ် ကြစေလိုကြောင်း၊ ဆရာကြီး၏ရုပ်ထုကိုပင်လုံဆောင်တွင် ထားရှိခြင်းသည် ဆရာကြီးသည် မြန်မာနိုင်ငံ အင်္ဂလိပ်စာ သင်ကြားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက် ခဲ့သူဖြစ်ပြီး ပင်လုံဆောင်သည် အင်္ဂလိပ်စာ ကျောင်းသား ကျောင်းသူများ ပညာဆည်းပူးရာ နေရာတစ်ခုဖြစ် သကဲ့သို့ ဆရာ ဆရာမများ စီမံခန့်ခွဲသူ အရာရှိများကို လေ့ကျင့်သင်ကြားပေးနေသည့် Training Center တစ်ခု ဖြစ်သည့်အတွက် ဖြစ်ပါကြောင်း၊ ဆရာကြီး ဒေါက်တာမျိုးမြင့်သည် မြန်မာနိုင်ငံ အင်္ဂလိပ်စာဖွံ့ဖြိုးတိုးတက် ရေးအတွက်သာမက ပညာရေးဝန်ကြီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာနတို့တွင် စွမ်းစွမ်းတမံ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး တိုင်းပြည်အတွက် အလွန်အားထားရသူဖြစ်ပါကြောင်း၊ ဆရာကြီးသည် ကျောင်း သား ကျောင်းသူများအတွက် စံပြကျောင်းသားတစ်ဦး၊ ဆရာ ဆရာမများအတွက် စံပြဆရာတစ်ဦး ပါမောက္ခ များအတွက် စံပြပါမောက္ခတစ်ဦး၊ ပါမောက္ခချုပ်များအတွက် စံပြပါမောက္ခချုပ် တစ်ဦးဖြစ်ပြီး ပညာရေးဝန်ကြီး ဌာနအတွက် တန်ဖိုးမဖြတ်နိုင်သည့် စံပြခေါင်းဆောင်တစ်ဦးဖြစ်ပါကြောင်း၊ ယနေ့တွင် ဆရာကြီး၏ရိုးသား ကြိုးစားမှု တည်ကြည်ဖြောင့်မတ်မှုဂုဏ်ရည်များ သွန်သင်ဆုံးမမှုများ နမူနာကောင်းများ စွမ်းဆောင်ချက်များကို အသိအမှတ်ပြုပြီး ကျေးဇူးတရားများကို အောက်မေ့ကာ ဆရာကြီး၏ရုပ်ထုကို ခမ်းခမ်းနားနားဖွင့်လှစ်နိုင်ခဲ့ သည့်အတွက် ဝမ်းသာပီတိဖြစ်ရ ပါကြောင်း၊ ဆရာကြီး၏ရုပ်ထုကို ထုလုပ်ထားရှိသည့်အတွက် ဆရာတစ်ဦး သာမက စာရေးဆရာတစ်ဦး၊ ကဗျာဆရာတစ်ဦး၊ အတွေးအခေါ်ပညာရှင် တစ်ဦးလည်းဖြစ်သည့်အတွက် ဆရာကြီးသည် အမြဲထာဝရစံပြတစ်ဦးအဖြစ် တည်ရှိနေမည်ဖြစ် ပါကြောင်း၊ ဆရာကြီး၏ရုပ်ထု ထုလုပ်နိုင်ရန်နှင့် ပင်လုံ ဆောင်တွင်ထားရှိနိုင်ရန် အဖက်ဖက်က ဝိုင်းဝန်ကူညီပေးခဲ့ ကြသူများ၊ ရုပ်ထုဖြစ်မြောက်ရေးကော်မတီဝင်များ၊ ရုပ်ထုဖွင့်ပွဲကို ခမ်းခမ်းနားနားကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးခဲ့ကြသူများ ငွေကြေး အင်အား လူအင်အား ပါဝင်ပေးခဲ့ကြသည့် ဆရာကြီး၏လုပ်ဖော်ကိုင်ဖက်များ၊ တပည့်သားသမီးများ၊ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများအားလုံး ရုပ်ထု ထုလုပ်ပေးခဲ့သော တမ္ပဝတီ ဦးအောင်ကျော်ထွန်း တို့အား ပညာရေးဝန်ကြီးဌာနကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆရာကြီး၏အငွေ့အသက်များနှင့် စိတ်ဓာတ် ခွန်အားများနှင့် ဆရာကြီးချမှတ်ခဲ့သည့် စည်းမျဉ်းစည်းကမ်းများ လမ်းစဉ်များအတိုင်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေကြောင်းဖြင့်ပြောကြား သည်။

ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ဌာနမှူး (ငြိမ်း) ဆရာကြီးဦးသီဟနှင့် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်တို့က ဆရာကြီး ဒေါက်တာမျိုးမြင့်အတွက် ဂုဏ်ပြုစကားပြောကြားကြသည်။

ထို့နောက် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီအဖွဲ့ဝင် ဒေါက်တာလွင်လွင်စိုးက ဆရာကြီး ဒေါက်တာမျိုးမြင့်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအား ဖတ်ကြားခဲ့ပြီး ဆရာကြီးဒေါက်တာမျိုးမြင့်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ရုပ်ပုံလွှာ ဗီဒိီယို မှတ်တမ်းအား ပြသသည်။

ယင်းနောက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ဇော်ထွန်းက ဆရာကြီးဒေါက်တာမျိုးမြင့်အတွက် ဂုဏ်ပြုကဗျာရွတ်ဆိုခဲ့သည်။

ဆရာကြီး ဒေါက်တာမျိုးမြင့်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်နှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.