ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၁၁ ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ်ဖွင့်ပွဲ တက်ရောက်


Date : 28 July, 2018

1

GIFMaker.org_9RDTBq

နေပြည်တော် ဇူလိုင် ၂၈

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရန်မြို့တွင် ဇူလိုင်လ ၂၅ရက်မှ ၂၇ရက် နေ့အထိကျင်းပသော ၁၁ ကြိမ်မြောက် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ် အခမ်းအနားသို့ တက်ရောက်သည်။

ဇူလိုင်လ ၂၆ရက်တွင် ကျင်းပသော ဖွင့်ပွဲအခမ်းအနားတွင် ကွေ့ကျိုးပြည်နယ် အစိုးရ အုပ်ချုပ်ရေးမှူး H.E. Shen Yiqin က အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာသော ဧည့်သည်တော်ကြီးများက မိန့်ခွန်းပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် တရုတ်-အာဆီယံ ပညာရေးပူးပေါင်း ဆောင်ရွက်မှုသည် ၂၅ နှစ်တာကာလအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ထွန်း လျက်ရှိပါကြောင်း၊ ဤပူးပေါင်း ဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာစည်ပင်ဝပြောရေးတို့ကို အထောက်အပံ့ဖြစ်စေပါ ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကဏ္ဍစုံတွင် ပြုပြင်ပြောင်းလဲမှုများကို ပြည်သူနှင့်အတူ ဖော်ဆောင်လျက် ရှိပါကြောင်းဖြင့် ထည့်သွင်းပြောဆို ခဲ့သည်။

ဆက်လက်၍ပြောကြားရာတွင် ယနေ့ကမ္ဘာကြီး၏အလုပ်အကိုင်နေရာ ထက်ဝက်ခန့်ဖြစ်သော အလုပ်နေရာသန်းပေါင်းနှစ် ထောင်ကျော်သည် အလိုအလျောက်နည်းပညာများ ပေါ်ထွန်းလာမှုကြောင့် လာမည့်ဆယ်စုနှစ်များအတွင်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အဆင့်မြင့်ကျွမ်းကျင်မှု ရှိမှသာ အလုပ်အကိုင်ကောင်းများရရှိ၍ ဝင်ငွေကောင်းကောင်းရရှိ မည်ဖြစ်သဖြင့် အလယ်အလတ် ကျွမ်းကျင်မှုရှိသူများအနေဖြင့် အလုပ်အကိုင်ကောင်းရရှိရန် ပိုမိုခက်ခဲလာနိုင်ပါကြောင်း၊ အရည် အသွေး မြင့်ပညာရေး(Quality Education)ကသာလျှင် လိုအပ်သောအဆင့်မြင့် ကျွမ်းကျင်မှုကို ပေးစွမ်းနိုင်ပြီး မညီမျှမှုများကို လျော့နည်းစေကာ ပိုမိုငြိမ်းချမ်းပြီး အားလုံးအတွက် သာယာလှပသော အနာဂတ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အသုံးချသုတေသနကို တွန်းအားပေးရန် လိုသကဲ့သို့ နက်နဲသောသင်ယူ လေ့လာမှု(Deep Learning)ကို လေ့ကျင့်ပေးကာ ယဉ်ကျေးမှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများကို တွန်းအားပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ကျောင်းသား လူငယ်များကို အရည်အသွေးမြင့်စွမ်းရည်များဖြင့် ဘဝတစ်သက်တာ အစဉ်သင်ယူလေ့လာသူများ ဖြစ်လာစေရန် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးသွားကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသားများသည် ကမ္ဘာကြီးအတွက် အကောင်းဆုံးကို ဖန်တီးပေးနိုင်မည့်သူများ ဖြစ်ကြပ ါကြောင်း၊ သို့ဖြစ်၍ သူတို့အား အနာဂတ်အတွက်လိုအပ်သော ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများ (Soft Skills)၊ ပညာဗဟုသုတများနှင့် ကျောင်းပြင်ပအတွေ့အကြုံများ ပံ့ပိုးဖြည့်ဆည်းပေးသွား ကြရမည်ဖြစ်ပါကြောင်း ဖြင့်ဆွေးနွေးသည်။ ဆက်လက်၍ မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ပညာရေး ပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးက တရုတ်-အာဆီယံ နိုင်ငံများအတွင်း ကျောင်းသားဖလှယ်ရေး၊ ပညာတော်သင်စေလွှတ်ရေးနှင့် အသုံးချသုတေသန ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို တိုးမြှင့်ကာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ (STEM)၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒေသတွင်း အကျိုးစီးပွားကို မြှင့်တင် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးများသည် တရုတ်-အာဆီယံနှင့် အိမ်နီးချင်း နိုင်ငံများတွင် အချက်အလက်စုဆောင်း ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန စတင်တည်ထောင်ခြင်း အထိမ်းအမှတ် စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး သည်။ ဆက်လက်၍ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ် အထိမ်းအမှတ် ကျောင်းသားလူငယ်များ၏ စွမ်းရည်ပြိုင်ပွဲများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။ ဆက်လက်၍ တရုတ်-အာဆီယံ ပညာရေးမြှင့်တင်ရေး ဆွေးနွေးပွဲကို တက်ရောက်သည်။ ထို့အပြင် ကွေ့ရန်မြို့ရှိ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်မှုဗဟိုဌာနသို့ သွားရောက်ကြည့်ရှု့ လေ့လာသည်။ ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၂၅ရက် ညနေပိုင်းတွင် ကွေ့ကျိုးပြည်နယ် ပါတီအထွေထွေ အတွင်းရေးမှူးက တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၂၈ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြည်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.