လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ


Date : 22 September, 2018

DSC_1697

GIFMaker.org_7xdk3O

နေပြည်တော် စက်တင်ဘာ ၂၂

လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ၂၂-၉-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် “လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်” စာအုပ်အားပူးပေါင်းရေးဆွဲပေးခဲ့ကြပါသော ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးမှုနှင့်ပူးပေါင်းဆောင်ရွက် အဖွဲ့များ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့ အစည်းများနှင့် ဝန်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံသည် မတူကွဲပြား၊ ထူးခြားသည့် မြေမျက်နှာသွင်ပြင်၊ လူမျိုးများ၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကားများ၊ ယုံကြည်ကိုးကွယ်မှုများ၊ အရင်းအမြစ်များနှင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ပါကြောင်း၊ စာသင်ကျောင်း ဆောက်လုပ်ရာတွင်လည်း ကျေးရွာလူထုအခြေပြု စာသင်ကျောင်းများ၊ အစိုးရစာသင်ကျောင်းများနှင့် သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခများဖြစ်ပွားပြီးနောက် ပြန်လည်တည် ဆောက်သည့် စာသင်ကျောင်းများ စသည်ဖြင့်မတူကွဲပြားသော အလေ့အထများဖြင့် ဆောက်လုပ်လျက် ရှိနေပါကြောင်း၊ ယခုအခါမတူကွဲပြားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းဖော်ဆောင်ပေးမည့် လမ်းညွှန်စာအုပ်ကို ပူးပေါင်းရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခင်က စာသင်ကျောင်းများ ဆောက်လုပ်ခြင်းဆိုင်ရာ စံနှုန်းများ သတ်မှတ်ရာတွင် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းကသာ တာဝန်ယူလုပ် ဆောင်ခဲ့ရပါကြောင်း၊ ယခုအခါ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြကျောင်းများ ဆောက်လုပ်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ဘက်စုံလွှမ်းခြုံသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၃)နှင့်အညီ အရည်အသွေးရှိသော ပညာရေးစနစ်ကို တည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာကို အရည်အသွေးရှိအောင် ဖြည့်ဆည်းပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးလည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊  ဤလမ်းညွှန်ချက်ပါ စံသတ်မှတ်ချက်များနှင့်အညီ အရည်အသွေးပြည့်ဝ၍ လုံခြုံဘေးကင်းပြီး ကလေးပျော်စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းဖြင့် မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် ပညာရေးစနစ်ကို အထောက်အကူပြု ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် ဆွစ်ဇာလန်နိုင်ငံသံရုံးမှ Mr.Markus Buerli, Head of Cooperation a.i. က ဆွစ်ဇာလန် မြန်မာ ပူးပေါင်းဆောင်ရွက်မည့် ၂၀၁၉-၂၀၂၃ အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက “လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်” စာအုပ်အား မိတ်ဆက်တင်ပြသည်။

ဆက်လက်၍ ဆွစ်ဇာလန်နိုင်ငံသံရုံးမှ Mr.Thierry Umbehr, Head of Humanitarian Affairs က “Safe and Child-Friendly School Construction Guidelines”စာအုပ်နှင့်ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ၏ ထောက်ပံ့မှုအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။ အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ဆွစ်ဇာလန်နိုင်ငံ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက် အဖွဲ့များ၊ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးများ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

နေပြည်တော် စက်တင်ဘာ ၂၂

 



Bookmark the permalink.

Comments are closed.