သုတရတနာသိုက်(စွယ်စုံကျမ်း-၁၀တွဲ)နှင့် ပညာပဒေသာစာစောင်ပါ စာပေဆောင်းပါးများ စာအုပ်ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပ


Date : 25 September, 2018

DSC_9757

GIFMaker.org_tHfrSe

ရန်ကုန် စက်တင်ဘာ ၂၅

ကလေးများအတွက် သုတရတနာသိုက်(စွယ်စုံကျမ်း-၁၀တွဲ)နှင့် ပညာပဒေသာစာစောင်ပါ စာပေဆောင်းပါးများ စာအုပ်ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က အဖွင့်အမှာစကားပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ဆရာကြီး မင်းသုဝဏ် တည်ထောင်ခဲ့သည့် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှ တန်ဖိုးမဖြတ်နိုင်သည့် စာအုပ်များကို ထုတ်ဝေခဲ့ပါကြောင်း၊ ယင်းစာအုပ်များသည် ကျောင်းသား ကျောင်းသူများအတွက် တန်ဖိုးမဖြတ်နိုင်သည့် စာအုပ်များဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ်မှစ၍ ပညာရေးဝန်ကြီးဌာန ဘာသာပြန်နှင့် ပုံနှိပ်ထုတ်ဝေရေးဌာနမှ ပြန်လည်ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ စာပေဆောင်းပါး များသည်လည်း သုတရသဆောင်းပါးများ ဖြစ်သည့်အတွက် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များနှင့် ပညာရေးကောလိပ်များရှိ ကျောင်းသား ကျောင်းသူများ၊ အခြေခံအတွက် လိုအပ်သော သင်တန်းသားဆရာ ဆရာမများ ပြုစုပျိုးထောင်လျက် ရှိသည့်အတွက် ယင်းကဲ့သို့ စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာပါက သင်ကြားသင်ယူမှု၊ သုတေသနပြုမှု၊ ဆန်းသစ်တီထွင်နိုင်မှုကို ကောင်းစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အခြေခံပညာကဏ္ဍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများအတွက် တန်ဖိုးမဖြတ်နိုင်သည့် စွယ်စုံကျမ်းများဖြစ်ပါကြောင်း၊ ဤစာအုပ်များမှ ကျောင်းသား ကျောင်းသူများ မိမိတို့ဝါသနာအလိုက် ဘာသာရပ်နည်းနည်းကို နက်နက်နဲနဲဖြင့် ဘဝတစ်သက်တာလုံး လေ့လာသင်ယူနိုင်ကြရန်အတွက် အထောက်အကူပြုသည့် စာအုပ်များ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ဤစာအုပ်များနှင့် ပညာပဒေသာဆောင်းပါးများသည် ကျောင်းသား ကျောင်းသူ များ၏ဆန်းသစ် တီထွင်နိုင်သည့် စိတ်ကူးစိတ်သန်းများ အားကောင်းလာစေရန် သုတစာပေများက လှုံ့ဆော် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ရသဆောင်းပါးများသည် လူသားများ၏ လိုအပ်ချက်များ၊ ဖွံ့ဖြိုးတိုးတက်မှုများနှင့် တည်ငြိမ်လုံခြုံရေးအတွက် ဆန်းသစ်တီထွင်နိုင်စွမ်းရှိလာရေး အားပေးထက်သန်စေမည်ဖြစ်ပါကြောင်း၊ ဘာသာပြန်နှင့် ပုံနှိပ်ထုတ်ဝေရေးဌာနမှ ယခုစာအုပ်များ ပုံနှိပ်ထုတ်ဝေခြင်းမှစ၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ တစ်သက်တာ သင်ယူမည့်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် စာအုပ်ကောင်းများကို ဆက်လက်ထုတ်ဝေပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်၍ တန်ဖိုးမဖြတ်နိုင်သည့် စာအုပ်များကို ထုတ်ဝေနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြသည့် ပညာရှင်များ၊ ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှ တာဝန်ရှိသူ များ၊ ပုံနှိပ်လုပ်ငန်းရှင်များအား ပညာရေးဝန်ကြီးဌာန အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ထို့နောက် Myanmar Heritage & Print City မှ ဦးမြင့်သူက သုတရတနာသိုက်(၁၀)အုပ်တွဲနှင့် ပညာပဒေသာစာစောင်ပါ စာပေဆောင်းပါးများ ထုတ်ဝေနိုင်ရေးအတွက် ကြိုးစားအားထုတ်မှုကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန တာဝန်ခံ ဒေါ်နီလာချစ်ဆိုင်က တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှ ၂၀၁၆ ခုနှစ်မှစ၍ ထွက်ရှိခဲ့သော စာအုပ်များနှင့် ဆက်လက်ထုတ်ဝေမည့် စာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနနှင့် Myanmar Heritage တို့ပူးပေါင်းထုတ်ဝေခဲ့သည့် ကလေးသူငယ်များအတွက် သုတရတနာသိုက်(စွယ်စုံကျမ်း-၁၀) အုပ်တွဲကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ အစုံ ၁၀ဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.