နိုင်ငံတကာသုတေသနစာတမ်းဖတ်ပွဲ၊ သိပ္ပံသုတေသနနှင့် အင်ဂျင်နီယာ နည်းပညာပြပွဲ၊ သုတေသန ပိုစတာ (Poster Show) ပြပွဲ၊ ဒေသတွင်းနည်းပညာ တက္ကသိုလ်များအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးပွဲ၊ မန္တလေးနည်းပညာတက္ကသိုလ် မုခ်ဦးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 4 October, 2018

43047657_2137119709941204_5557629995318247424_n

 GIFMaker.org_4Iskos

မန္တလေး  အောက်တိုဘာ ၄

မန္တလေး နည်းပညာ တက္ကသိုလ်၏ ပထမအကြိမ် နိုင်ငံတကာ သုတေသန စာတမ်းဖတ်ပွဲ၊ သိပ္ပံ၊ သုတေသနနှင့် အင်ဂျင်နီယာ နည်းပညာပြပွဲ၊ နောက်ဆုံးနှစ်အင်ဂျင် နီယာ၊ ဗိသုကာ ကျောင်းသားကျောင်းသူများ၏ ဘွဲ့ယူ သုတေသနပိုစတာ(Poster Show)ပြပွဲ၊ မန္တလေး နည်းပညာ တက္ကသိုလ်နှင့် ဒေသတွင်း နည်းပညာ တက္ကသိုလ်များအကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးပွဲနှင့် တက္ကသိုလ် မုခ်ဦးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေး နည်းပညာတက္ကသိုလ်ခန်းမ၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မန္တလေးနည်းပညာတက္ကသိုလ်သည် အထက်မြန်မာပြည် အင်ဂျင်နီယာ၊ နည်းပညာဘွဲ့ရ ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနေသော ဒုတိယမြောက် အင်ဂျင်နီယာ တက္ကသိုလ်ကြီး အဖြစ် ထင်ရှားပါကြောင်း၊ အဆင့်မြင့် ပညာရေးကဏ္ဍရှိ တက္ကသိုလ်များသည် သုတေသန အခြေပြု တက္ကသိုလ်ကြီးများအဖြစ် ရပ်တည်သွားမည်ဖြစ်ရာ ယနေ့စာတမ်းဖတ်ပွဲကို ကြိုဆိုပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် နိုင်ငံတကာ တက္ကသိုလ်များမှ စာတမ်းပေါင်း(၄၀)နှင့် ပြည်တွင်း စာတမ်းရှင်(၆၀) စုစုပေါင်း စာတမ်းပေါင်း (၁၀၀) ခန့် ဖတ်ကြားနိုင်ခြင်းအား ဂုဏ်ယူ၀မ်းမြောက်ပါကြောင်း။ တက္ကသိုလ်များအကြား ဒေသတွင်း နည်းပညာတက္ကသိုလ်အချင်းချင်း ပညာရေး ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ အင်ဂျင်နီယာ ပညာရေး ဆိုင်ရာ သင်ကြားသင်ယူမှု၊ လေ့ကျင့်မှု လုပ်ငန်းများတွင် အရည်အသွေးမြင့်မားကာ အခွင့်အလမ်းများ ပိုမိုဖန်တီး ပေးလာနိုင်မည် ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာ လုပ်ငန်းများကိုလည်း ပိုမိုပူးပေါင်း ဆောင်ရွက် လာနိုင်စေသလို ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ဒေသအကျိုး၊ နိုင်ငံအကျိုး အထောက်အကူပြု အသုံးချသုတေသနလုပ်ငန်း များကို ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူဟောင်းများ၏ စုပေါင်း အလှူဒါနဖြင့် ဆောင်ရွက်နိုင်ခဲ့သော မန္တလေး နည်းပညာ တက္ကသိုလ် မုခ်ဦးသစ် ဖွင့်လှစ် နိုင်မှုအား ဂုဏ်ယူ ၀မ်းမြောက်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေး တိုင်းဒေသကြီး သယံဇာတနှင့်သဘာ၀ ပတ်၀န်းကျင်ရေးရာ၀န်ကြီး ဦးမျိုးသစ်၊ အမျိုးသား ပညာရေးမူ၀ါဒ ကောင်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ညီလှငယ်၊ မန္တလေးနည်းပညာတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာသိန်းတန် တို့က အမှာစကားများ ပြောကြားကြသည်။ ထို့နောက် MIT MTU Alumni Association မှ မုခ်ဦး တည်ဆောက်ခြင်းအတွက် အမှတ်တရစကား ပြောကြားသည်။ ယင်းနောက် မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့် တာ၀န်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး ပြခန်းများနှင့် Poster Show အား လှည့်လည် ကြည့်ရှုကြသည်။

အခမ်းအနား ဒုတိယပိုင်း အစီအစဉ် မုခ်ဦးသစ် ဖွင့်ပွဲအား ဆက်လက်ကျင်းပရာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးမျိုးသစ် အမျိုးသား ပညာရေးမူ၀ါဒ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာညီလှငယ်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်း၀င်း၊ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ မန္တလေးနည်းပညာ တက္ကသိုလ် (မန္တလေး စက်မှုတက္ကသိုလ်) အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာသိန်းတန်၊ မန္တလေးနည်းပညာတက္ကသိုလ် (မန္တလေး စက်မှုတက္ကသိုလ်) အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်မြတ်၊ တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးအဖွဲ့မှ ဦးပွ၊ မန်းမြင့်မိုရ် ကုမ္ပဏီမှ ဦးခင်မောင်ဌေး၊ Chindwin College မှ ဦးလင်း၊ MIT MTU Alumni Association မှ တာ၀န်ရှိ ပုဂ္ဂိုလ်များနှင့် မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.