၂၀၁၈ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


Date : 5 October, 2018

DSC_0236

GIFMaker.org_QnIyGy

နေပြည်တော် အောက်တိုဘာ ၅

၂၀၁၈ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာများသည် စေတနာ၊ ဝါသနာ၊ အနစ်နာ၊မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်နှလုံးပြည့်ဝစွာဖြင့် တပည့်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်ယူသူများကိုသုတေသနပြု၊ သင်ကြားသင်ယူ လေ့ကျင့်ပေး၍ လူသားများ၏ ကောင်းကျိုး၊ ကမ္ဘာကြီး၏ ရေရှည်တည့်တံဖွံ့ဖြိုးတိုးတက်မှုများအတွက် စံနမူနာပြအကောင်းဆုံး အလုပ်လုပ်ပြနိုင်ဖို့ ထာဝရသင်ယူနေသူများဖြစ်ပါကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ILO နှင့် UNESCO တို့ပူးပေါင်းပြီးဆရာများ၏ အဆင့်အတန်းအတွက် အခွင့်အရေးနှင့် တာဝန်ဝတ္တရာများ လေ့ကျင့်သင်တန်းပေးခြင်းနှင့် တစ်သက်တာသင်ယူခြင်း၊ စံသတ်မှတ်ချက်များ ဆရာသစ်များ ပြုစုပျိုးထောင်ခြင်း၊ ခန့်ထားခြင်း၊ သင်ကြားသင်ယူခြင်းတို့ အတွက် ထောက်ခံအကြံပြုခဲ့ပါကြောင်း၊ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပါကြောင်း၊ ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာဆရာများနေ့ ဆောင်ပုဒ်သည် “ပညာအခွင့်အလမ်းရရှိဖို့ အရည်အသွေးပြည့်ဆရာဖြည့်ဆည်းစို့” “ The Right To Education Means The Right To A Qualified Teacher” ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ယနေ့အချိန်အခါသည် နိုင်ငံတော်ကိုဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် တည်ဆောက်နေသော အကူးအပြောင်းကာလ ဖြစ်သောကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး လွန်စွာအရေးပါလျက် ရှိပါကြောင်း၊ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင်ပေးမည့် အနာဂတ်မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်နိုင်ရေးအတွက် အရည်အသွေး အာမခံမှုရှိသော ပညာရေးစနစ်ဖြင့် သုတေသနပြုသင်ကြားသင်ယူရေး လေ့ကျင့်ရေးလုပ်ငန်းစဉ်ကြီးတွင် အရည်အချင်းပြည့်ဝသည့် ဆရာ၏ အခန်းကဏ္ဍသည် အခရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို ကြည့်မည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍရင်းနှီးမြှပ်နှံမှုသည် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အထိရောက်ဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်နှင့်အညီ ပညာရေးအသုံးစရိတ်များကိုလည်း တစ်နှစ်ပြီးတစ်နှစ် တိုးမြှင့်ခွင့်ပြုပေးလျက် ရှိပါကြောင်း။

ပညာရေးဘတ်ဂျက်အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၂၆ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၅၆ ဘီလီယံတိုးမြှင့်သုံးစွဲခဲ့ပြီး ယခု၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယခင်နှစ်များထက်ပိုမိုတိုးမြှင့်၍ ကျပ် ၂၁၇၅ ဘီလီယံအထိ သုံးစွဲသွားရန် လျာထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် ခေတ်စနစ်နှင့်အညီ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာအဆင့်မီဖြစ်စေရေး၊ စာကြည့်တိုက်နှင့် သင်ထောက်ကူပစ္စည်းများ ပိုမိုဖြည့်ဆည်းရေးနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေး၊ စာသင်ကျောင်း၊ စာသင်ခန်းနှင့် ရုပ်ပတ်ဝန်းကျင် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဖြည့်ဆည်းဆောင်ရွက်ရေးတို့ကို အလေးပေးဆောင်ရွက်နေသလိုဆရာ၊ ဆရာမများတိုးမြှင့် ခန့်ထားရေး၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားတိုးတက်လာစေရေးအတွက် (၂) နှစ်သင် ပညာ‌ရေးကောလိပ်များကို (၄) နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ်တို့ အဆင့်မြှင့်တင်ရန် ကြိုးပမ်းစီစဉ် ဆောင်ရွက်ရေးစသည့်လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါ ကြောင်း။

ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျောင်းနေနှုန်းမြင့်မားရေး၊ ကျောင်းထွက်နှုန်း လျော့နည်းရေး၊ ကျောင်းနေမြဲနှုန်း မြင့်မားရေးနှင့် မူလတန်းကျောင်းသားအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းပညာရေး ပြီးမြောက်အောင် ပညာသင်ယူတတ်မြောက်ရေးနှင့် သက်မွေးပညာသင်တန်းကျောင်း၊ အဆင့်မြင့်ပညာကို ဆက်လက်သင်ယူ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ် နေထိုင်မှု အခြေအနေစစ်တမ်း အစီရင်ခံစာအရ မူလတန်းကျောင်းနေနှုန်း ၉၄ % (ကျောင်းနေနှုန်းကြမ်း- ၁၁၅ %)၊ အလယ်တန်းကျောင်းနေနှုန်း ၇၁ % ( ကျောင်းနေနှုန်းကြမ်း- ၈၀ %)၊ အထက်တန်းကျောင်းနေနှုန်း ၄၄ % (ကျောင်းနေနှုန်းကြမ်း- ၆၅ %) အထိတိုးတက်မြင့်မားလာသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မတိုင်မီကာလတွင် မူလတန်းပြဆရာ ၅၀၈၂၀ ဦး၊ အလယ်တန်းပြဆရာ ၂၂၃၃၁ ဦး၊ အထက်တန်းပြဆရာ ၁၁၃၅၀ ဦးဖြည့်ဆည်းခန့်ထားဖို့ လိုအပ်နေပြီးအခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များတွင်လည်း ကျောင်းအဆောက်အဦ စုစုပေါင်း(၄၄၁၂၉) ဖြည့်ဆည်းပေးဖို့ လိုအပ်လျက်ရှိနေပါကြောင်း။

ဖြည့်ဆည်းပေးရာတွင် အရည်အသွေးပြည့်ဝသော ဆရာများပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ အရည်အသွေး ပြည့်ဝသော ဆရာများကသာ လူတိုင်းအကျုံးဝင်၍ တန်းတူမျှတပြီး အရည်အသွေးအာမခံမှုရှိသော ပညာရေးအခွင့် အရေးကို အားသွန်ခွန်စိုက်ကြိုးပမ်း၍ ဆန်းသစ်တီထွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ လိုအပ်ချက်ဖြစ်သော အရည်အသွေးပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာရန်အတွက် မည့်သည့်ခွဲခြားမှုမျှမရှိဘဲ၊ တစ်ဦးတစ်ယောက်မျှ ချန်မထားဘဲ ပညာအခွင့်အလမ်း ဖန်တီးပေးနိုင်သူများသည် အရည်အချင်းပြည့်ဝ ဆရာ၊ ဆရာများပင် ဖြစ်ပါကြောင်း၊ ဆရာဆိုရာတွင် အခြေခံပညာ သင်ပေးသည့် ဆရာများ၊ အဆင့်မြင့်ပညာသင်ပေးသည့် ဆရာများ၊ အသက် မွေးဝမ်းကျောင်း သင်ပေးသည့် ဆရာများအားလုံးအကျုံးဝင်ပါကြောင်း၊ အရည်အချင်းပြည့်ဝသော မြတ်ဆရာများကသာ စိတ်ဓာတ်၊ စည်းကမ်းကောင်းသော လူသားကောင်းများ ဖြစ်လာစေရန်၊ အများနှင့်ပူးပေါင်း အလုပ်လုပ်တတ်သူများ ဖြစ်လာစေရန် တာဝန်ယူ၊ တာဝန်ခံ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်သူများ ဖြစ်လာကြစေရန်၊ လူအများ၏ ကောင်းကျိုး၊ ကမ္ဘာ့ကြီး၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် တီထွင်ဆန်းသစ်နိုင်စွမ်းရှိသော တစ်သက်တာ သင်ယူသူများ ဖြစ်လာစေရန်နှင့် သုတေသနပြု သင်ကြားသင်ယူလေ့ကျင့် ပြုစုပျိုးထောင်နိုင်စွမ်း ရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စံနမူနာပြုထိုက်သော မြတ်ဆရာများကိုလည်း ယခုကဲ့သို့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ၃၂ နှစ်နှင့်အထက် ခွင့်ရက်မယူသော ဆရာဆရာမများ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများကိုလည်း ဂုဏ်ပြုဆုများချီးမြှင့်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင် ကကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင် များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများ၏ ဆောင်ရွက်မှုနှင့် ခွင့်ရက်မပျက်သောဆရာ၊ ဆရာမများ၏ မှတ်တမ်းအကျဉ်းချုပ် တို့ကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး များအားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ခွင့်ရက်မပျက်သော ဆရာမများအားလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ကမ္ဘာ့ ဆရာများနေ့အထိမ်း အမှတ် ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများချီးမြှင့်ကြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင် ဒေါက်တာမောင်သင်းနှင့် ဦးစောကျော်ဝင်းမောင်တို့က တက္ကသိုလ်၊ ကောလိပ်အဆင့်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင် ဦးသန်းအောင်နှင့် အမျိုးသား လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင် ဦးကျော်တုတ်တို့က တက္ကသိုလ်/ကောလိပ်အဆင့်၊ အခြေခံပညာအထက်တန်း နှင့် အလယ်တန်းကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဝင် ဒေါ်သန်းသန်းအေးကတက္က သိုလ်ကောလိပ်အဆင့် ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကိုလည်းကောင်း ဆုမျာချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.