“စာဖတ်ကြစို့” စီမံကိန်းဖြင့် ဆောင်ရွက်သော ကျောင်းစာကြည့်တိုက် များ ဖွင့်ပွဲ အခမ်းအနားကျင်းပ


Date : 6 October, 2018

43266551_2138131239840051_3204271981952237568_n

GIFMaker.org_Z0uawJ
ရန်ကုန် အောက်တိုဘာ ၆
“စာဖတ်ကြစို့”စီမံကိန်းဖြင့် ဆောင်ရွက်သော ကျောင်းစာကြည့်တိုက် များဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အမှတ် ၉ အခြေခံပညာအလယ်တန်းကျောင်း ခရေခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာ့အလင်းကျောင်းစာကြည့်တိုက်အား ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်ခံ)ဦးကိုလေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါ်ခင်မာဆွေ၊ မြန်မာ့စာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတအဖွဲ့ (MBAPF) အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ထို့နောက် အမှတ်(၉)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ထာဝရ သစ္စာသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်တို့က အဖွင့်အမှာစကားပြော ကြားသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ကျောင်းစာကြည့်တိုက် များသည် ပညာရေးကဏ္ဍတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိ သည့် အတွက် ကျောင်းသား ကျောင်းသူများ ဖတ်ချင်ဖွယ်ကောင်းသည့် စာကြည့်တိုက်များအဖြစ် ဆက်လက်မြှင့်တင် ဖြည့်ဆည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာန အနေဖြင့် စာကြည့်တိုက်မရှိသည့် ကျောင်းစုစုပေါင်း(၂၅၀ဝ၀)ခန့် တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးစနစ်တွင် သင်ယူခြင်းသည်အရေးကြီးပြီး ဘဝတစ်လျှောက်လုံး သင်ယူနိုင်ရန်နှင့် သင်ယူခြင်းကသာလျှင် အသက်ဝိညာဉ်ဖြစ်ပါကြောင်း၊ စာကြည့်တိုက်များ၏ အခန်းကဏ္ဍသည် ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရန်နှင့်  ဦးနှောက်၏ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် အထောက် အကူဖြစ်စေပါကြောင်း၊ သို့ဖြစ်၍ စာကြည့်တိုက်များမှ ဆည်းပူးလေ့လာသော ပညာရပ်များကို စဉ်းစားတွေးခေါ်ပြီး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင် လိုက်လျောညီထွေစွာဖြင့် အဆင်ပြေချောမွေ့ နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် စာကြည့်တိုက်များမှ ရသစာပေများကို ဖတ်ရှုပြီး ရသစာပေမှ ပြင်းပြသော စိတ်ဆန္ဒများဖြင့် အများ၏ကောင်းကျိုး ကမ္ဘာကြီးရေရှည် တည်တံ့မှုအတွက် စဉ်းစားဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သုတစာပေများမှ လူသားများ၏ ကောင်းကျိုးကို ဆန်းသစ်တီထွင်နိုင်စွမ်း ပညာရပ်အား ကောင်းလာစေရန် သင်ယူလေ့လာ သုတေသနပြုနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စာကြည့်တိုက်မှ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့လေ့လာသင်ယူသော ပညာရပ်များကို ပိုမိုကောင်းမွန်လာစေရန်အတွက် စာကြည့်တိုက်မှ အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင် စာကြည့်တိုက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန် လေ့ကျင့်ပြုစု ပျိုးထောင်ပေးရမည်ဖြစ် ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာအုပ်စာပေများကို ဖတ်ရှုပြီးသည့် အခါ ကိုယ်ပိုင် စဉ်းစားတွေးခေါ် တတ်သည့် အလေ့အကျင့်များကိုလည်း ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ကျောင်းသား ကျောင်းသူများကို အနုပညာ၊ ဂီတနှင့် အားကစားအတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ဦးစားပေး လုပ်ငန်းများဖြစ်သည့် ဆရာဆရာမများ ဖြည့်ဆည်းခန့်ထားရေး၊ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ရေး၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ရေး၊ အဆင့်မြှင့်တင်သည့် သင်ရိုးညွှန်းတမ်းများနှင့်အညီ အကဲဖြတ်စစ်ဆေးမှုများကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အတွက် စာကြည့်တိုက်များ ဖြည့်ဆည်းရေးကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာကြည့်တိုက်များကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျောင်းများတွင် စာကြည့်တိုက် (၄၀)ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းပေါင်း ၁၀ဝ ခန့်ကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်းထားပြီး ဘဏ္ဍာငွေပေါ်တွင် မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင် Grade-3 နှင့် Grade-6 အတန်းများကို ကျောင်းသုံး ဖတ်စာအုပ်အသစ်၊ ဆရာကိုင်စာအုပ် အသစ်များဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ Grade-3 အတွက် မူလတန်းပြ ဆရာ ဆရာမအားလုံး၊ Grade-6 အတွက် အလယ်တန်းပြ ဆရာ ဆရာမအားလုံးကို သင်တန်းပေးသွား မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများကို မေတ္တာရပ်ခံလိုသည်မှာ သင်တန်းတက်ပြီးသည့် အခါတွင် သတ်မှတ်ထားသည့် သင်ကြားသင်ယူမှုနည်းစနစ်များအတိုင်း သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများ အရည်အသွေး ပြည့်ဝရန် အရေးကြီးပါကြောင်း၊ ထိုသို့ အရည်အသွေးပြည့်ဝစေရန်အတွက် (၂)နှစ်သင်ပညာရေး ကောလိပ်များကို (၄) နှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ (၂)နှစ်သင် ပညာရေးကောလိပ် DTEd သင်တန်းပြီးမြောက်ခဲ့သော ဆရာဆရာမများ အားလုံးကိုလည်း ဘာသာရပ်လိုက်လျောညီသော ဒုတိယနှစ်၊ အဝေးသင် တက္ကသိုလ် သင်တန်း သို့မဟုတ် ပညာရေးတက္ကသိုလ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ဖွင့်လှစ်မည့် တတိယနှစ်၊ စတုတ္ထနှစ် BA(Edu)၊ BSc(Edu)သင်တန်းများသို့တက်ရောက်ခွင့်ပြုရန် စီစဉ်လျက် ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်း သူများ၊ ပြည်သူများအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် MBAPF မှ ဒေါက်တာသန့်သော်ကောင်းက ကျောင်းစာကြည့်တိုက် ပံ့ပိုးပေးမှုအစီအစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အမှတ်(၉)အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက MBAPF မှ ဒေါက်တာသန့်သော်ကောင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။
ထို့နောက် အမှတ်(၉)အခြေခံပညာအလယ်တန်းကျောင်းမှ သတ္တမတန်းကျောင်းသား ကျောင်းသူများ က မဟာနွယ် သီချင်းဖြင့် လည်းကောင်း၊ အဋ္ဌမတန်းမှ ကျောင်းသား ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တာဝန် ရှိသူများသည် အင်းစိန်မြို့နယ်ရှိ အမှတ်(၄)အခြေခံ ပညာအလယ် တန်းကျောင်း၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်းတို့၌ ဖွင့်လှစ်သည့် စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.