“စာဖတ်ကြစို့” စီမံကိန်းဖြင့် ဆောင်ရွက်သော အနာဂတ်အားမာန်၊ ကလေးမိတ်ဆွေ၊ သုတအလင်း ကျောင်းစာကြည့်တိုက်များ ဖွင့်ပွဲအခမ်းအနားကျင်းပ


Date : 7 October, 2018

43278169_2138707249782450_2417368088526716928_n

GIFMaker.org_y2n0Xv

ရန်ကုန် အောက်တိုဘာ ၇

“စာဖတ်ကြစို့”စီမံကိန်းဖြင့် ဆောင်ရွက်သော ကျောင်းစာကြည့်တိုက်များဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အနာဂတ်အားမာန်ကျောင်းစာကြည့်တိုက်အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်း၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးရီနှင့် မြန်မာ့စာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုပရဟိတအဖွဲ့ (MBAPF) အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ ကျောင်းသားသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာ ပညာရေးဝန်ကြီးဌာနတွင် အခြေခံပညာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်း စုစုပေါင်း(၄၇၀ဝ၅)ကျောင်းရှိပြီး စာကြည့်တိုက်ရှိသည့် ကျောင်း(၂၂၀ဝ၀) ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အသုံးပြုနေသော စာကြည့်တိုက်များကို ပို၍ထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရန် အားပေးမြှင့်တင်ရေး၊ ပိတ်ထားသော စာကြည့်တိုက်၊ ဘီရိုများဖွင့်၍ အသုံးပြုရေး၊ စာကြည့်တိုက်မရှိ သောကျောင်းများအတွက် စာအုပ်စင်၊ ဘီရိုများ ဖြည့်ဆည်းရေး အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများက စာကြည့်တိုက်များကို အသုံးပြုကြရန်နှင့်ကျောင်း၊ ကျောင်းအုပ်၊ ဆရာ ဆရာမများကို လိုအပ်ချက်များ ဖြည့်ဆည်းရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ စာဖတ်ကြစို့စီမံကိန်းကို မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ စာကြည့်တိုက်ကို ထိထိရောက် ရောက်အသုံးပြုနိုင်ရန် “စာဖတ်ကြစို့” ဆိုသည့် ပထမခြေလှမ်းကို စတင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှစ၍ (၈)လကြာ အချိန်ယူပြီး ကျောင်းပေါင်း(၂၀)နှင့် နောက်ထပ် ဆောင်ရွက်မည့် ကျောင်း(၂၀) စုစုပေါင်း ကျောင်း(၄၀)ဖြင့် “စာဖတ်ကြစို့’’ စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များတွင်လည်း စာကြည့်တိုက် ဖွင့်ပွဲများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ နောက်လာမည့် အပတ်များတွင်လည်း ကျန်ရှိသည့် ကျောင်းများတွင် စာကြည့်တိုက်ဖွင့်ပွဲများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကျောင်း(၄၀)တွင် ရပ်တန့်နေမည်မဟုတ်ဘဲ ကျန်ရှိသည့် ကျောင်းများကိုလည်း စာကြည့်တိုက်နှင့် စာအုပ်များဖြည့်ဆည်းပြီး “စာဖတ်ကြစို့” အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ကျောင်းသား ကျောင်းသူများအားလုံး လူသားကောင်းများဖြစ်စေရေး၊ တာဝန်ယူတာဝန်ခံတတ်ပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်စေရေး၊ ဆန်းသစ် တီထွင်နိုင်ရေးစသည့် အချက်များနှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများဖြစ်ရန် ပြုစုပျိုးထောင် လျက်ရှိပါကြောင်း၊ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် သင်ယူလေ့လာသည့် ဘာသာရပ်များပေါ် မည်မျှမှတ်သားနိုင်သည်၊ နားလည်နိုင်သည်၊ အသုံးချနိုင်သည်၊ သုံးသပ်ခွဲခြားနိုင်သည်၊ စိစစ်အကဲဖြတ်နိုင်သည်၊ တီထွင်ဖန်တီးနိုင်သည်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သဖြင့် ဖတ်ရှုပြီးသည့် စာအုပ်များနှင့် ဘာသာရပ်အပေါ်နားလည်မှုများကို ပြန်လည်သုံးသပ်ပြီး ကိုယ်ပိုင်တွေးခေါ်သုံးသပ်မှု ကိုလုပ်နိုင်ရန် သင်ကြားသင်ယူ လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးကူညီခဲ့ကြသည့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ တာဝန်ရှိသူများနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ပြည်သူများအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်းက အမှာစကား ပြောကြားပြီး MBAPF မှ ဒေါက်တာသန့်သော်ကောင်းက ကျောင်းစာကြည့်တိုက်ပံ့ပိုးပေးမှုအစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာ့စာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (MBAPF)မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းတို့အား အမှတ် (၂)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းစာကြည့်တိုက်ဖွင့်ပွဲအထိမ်း အမှတ်အလံအားပေးအပ််သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အမှတ်(၂၂)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာ မူလတန်းကျောင်းတို့၌ ဖွင့်လှစ်သည့် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.