(၉) ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ (9th Education,Technical and Vocational Sector Coordination Group-ETVSCG)အစည်းအဝေးကျင်းပ


Date : 10 October, 2018

4

GIFMaker.org_C4fS8i

နေပြည်တော် အောက်တိုဘာ ၁၀

(၉) ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (9thEducation,Technical and Vocational Sector Coordination Group-ETVSCG) အစည်းအဝေးကို ၁၀-၁၀-၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် ၂၁ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁) တွင်ကဏ္ဍ(၉)ရပ် သတ်မှတ်၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေးအတွက် ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်းတွင် မည်သည့်ခွဲခြားမှုမှ မရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေး၊ ကျားမတန်းတူညီမျှမှု ရှိစေရေးတို့ကို အလေးထားဆောင်ရွက် လျှက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာ သင်ယူပြီးမြောက်ရေးနှင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် အခြေခံပညာ စာတတ်မြောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း၊ ဦးစားပေးဖြည့်ဆည်းရန် လိုအပ်လျက်ရှိသည့် နေရာဒေသများတွင်လည်း အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ ကျောင်းပြင်ပ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို မည်သည့်ခွဲခြားမှုမှ မရှိဘဲ သင်ကြားသင်ယူ လေ့ကျင့်ဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း၊ မန္တလေး တက္ကသိုလ်၌ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို သြဂုတ်လတွင် အောင်မြင်စွာလက်ခံကျင်းပ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့် ဆောင်ရွက်ပေးနိုင်မှုကြောင့် အခြေခံပညာကျောင်းများတွင် ကျောင်းနေနှုန်း သိသိသာသာ တိုးတက်လျှက် ရှိနေပြီး ကျောင်းထွက်နှုန်း လျော့နည်းလာ၍ ကျောင်းနေနှုန်းများလာသဖြင့် ဆရာဆရာမများလိုအပ် နေပါကြောင်း၊ ဆရာ ကျောင်းသားအချိုးမျှတရေး၊ ဆရာဆရာမအရည်အသွေး မြင့်မားရေး၊ စာသင်ခန်း၊ စာသင်ခုံ၊ စာကြည့်တိုက်၊ အိုင်စီတီ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ တိုးချဲ့ရန်နှင့် စာဖတ်ကြစို့စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဦးစားပေးအလိုက် ဖြည့်ဆည်းဆောင်ရွက် နေပါကြောင်း၊ အလွတ်ကျက်မှတ်သော ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှု ဦးတည်သော ပညာရေးစနစ်ကို အကောင်အထည်ဖော် နိုင်ရန်အတွက် မှတ်ဉာဏ်နှင့် သဘောပေါက် နားလည်မှုများ အားကောင်းလာပြီး အသုံးချနိုင်မှု၊ ခွဲခြမ်းစိတ်ဖြာမှု၊ အကဲဖြတ်သုံးသပ်မှု၊ ဖန်တီးတီထွင်မှုများကို ဦးတည်ကြိုးပမ်း၍ စဉ်ဆက်သင်ယူခြင်းကို အားပေးဆောင်ရွက်နိုင်ရန် လိုပါကြောင်း၊ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးကြသော ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလူမှု အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် Min Jeong Kim, Head of Office, UNESCO Myanmar ကပညာရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေပါကြောင်း ပညာရေးဝန်ကြီးဌာန၏တာဝန်ယူ တာဝန်ခံများဖြင့် ဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း ပညာရေး ဖွံ့ဖြိုးတက်ရေးအတွက် နည်းပညာကဏ္ဍသည်လည်း အရေးပါကြောင်းစသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကဏ္ဍ(၇)ခုမှ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးအကြံပြုကြသည်။ အဆိုပါ အခမ်းအနားတွင် ပညာရေး အရည်အသွေး မြင့်မားရေးအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (9th Education, Technical and Vocational Sector Coordination Group- ETVSCG) ၏ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများကို ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက လူမှုအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.