၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးအကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Date : 13 October, 2018

DSC_0814 - Copy

GIFMaker.org_Qtqoxl

ရန်ကုန် အောက်တိုဘာ ၁၃

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေး အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန် ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်သည့်လုပ်ငန်းများ ရှိသကဲ့သို့ အခက်အခဲ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည့် လုပ်ငန်းများလည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ကျောင်းသားဦးရေ တိုးပွားလာခြင်း သာမက ကျောင်းထွက်နှုန်း သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့ ကျောင်းသားဦးရေ တိုးတက်လာပြီး ကျောင်းထွက်နှုန်း လျော့နည်းလာခြင်း၏ အဓိကအကြောင်းရင်းသည် ကျောင်းများတိုးချဲ့ဖွင့်လှစ်ပြီး ဆရာဆရာမများ တိုးချဲ့ခန့် ထားပေးလျက် ရှိပါကြောင်း၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာကဏ္ဍ၏ ဆရာ ဆရာမများ အနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာ စိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ပြီး သင်ကြားသင်ယူမှု လုပ်ငန်းများကို ဆောင်ရွက်ပေးသည့်အတွက် ကျောင်းသား ဦးရေ တိုးတက်များပြားလာပါကြောင်း၊ ထို့ပြင်ကျောင်းထွက်နှုန်း လျော့နည်းလာသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ၂၀၁၆ မှ ၂၀၁၈ အထိ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ပြန်ကြည့်မည်ဆိုပါက သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုသည် ဆရာလမ်းညွှန် စာအုပ်များ၊ Grade-1, Grade-2 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်လမ်းညွှန်စာအုပ်များ ဖြစ်ပါကြောင်း၊ ယင်းကျောင်းသုံးဖတ်စာအုပ်များ၊ KG+12 ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ကျောင်းသုံး ဖတ်စာအုပ်များကို မူလတန်းအတွက် JICA ၏ပူးပေါင်းကူညီပံ့ပိုးမှုဖြင့်ဆောင်ရွက်ပြီး Grade-1, Grade-2 ဖတ် စာအုပ်များသည် သင်ကြားသင်ယူမှု နည်းစနစ်အသစ်များဖြင့် ပြန်လည်ပြင်ဆင်ပြီး အကြောင်းအရာအသစ်များ ဖြည့်ဆည်းဆောင်ရွက်ထားခြင်း၊ သင်တန်းပေးခြင်းတို့ ဖြစ်ပါကြောင်း၊ မူလတန်းပြီးမြောက်မှု စာမေးပွဲနှင့် အလယ်တန်းပြီးမြောက်မှု စာမေးပွဲများကို ကြည့်ပါက နှစ်စဉ်ပြီးမြောက်မှုနှုန်း များလည်း တက်လာပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မူလတန်းပြီးမြောက်သည့်အခါ အလယ်တန်းတွင် ပိုမိုတက်ရောက်လာပြီး အလယ်တန်း ပြီးမြောက်သည့်အခါ အထက်တန်းတွင် ပိုပြီးများပြားလာသည့်အတွက် ယမန်နှစ်က အထက်တန်းတွင် Grade-10 နှင့် Grade-11 နှစ်တန်းပေါင်း ကျောင်းသား ကျောင်းသူဦးရေ ၁ သန်း ရှိပါကြောင်း၊ ယင်းသို့ တိုးတက်လာခြင်းသည် ဆရာ ဆရာမများ၏ အားထုတ်ကြိုးပမ်းမှုများ ပင်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအား လိုအပ်သည့် ကျွမ်းကျင်မှုများရရန် သင်တန်းများမှ စနစ်တကျ စစ်ဆေးအကဲဖြတ်နိုင်ရေး ပိုမိုပြုလုပ်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများမှ လက်စွဲစာအုပ်များ အလုပ်ရုံဆွေးနွေးပွဲအတွက် ပြင်ဆင်ထားသည့် စာအုပ်များမှ စာမေးပွဲများကို စနစ်တကျကျင်းပ နိုင်သည့်အတွက် အဆင်ပြေသည်ကို တွေ့ရှိရပါကြောင်း၊ စာမေးပွဲစစ်ဆေးသည့်လုပ်ငန်းများကို ကြည့်ပါက လမ်းညွှန်စာအုပ် တွင်ပါသည့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် နည်းပညာများကို အသုံးပြုပြီး ဦးနှောက်မှတ် သားနိုင်စွမ်း အားကောင်းလာစေနိုင်ပြီး နားလည်မှုပိုမိုရှိလာစေရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် နည်းပညာကို ပညာရေးတွင် အသုံးပြုပြီး ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ကျောင်းသား ကျောင်းသူများအားလုံး လူသားကောင်းများဖြစ်စေရေး၊ တာဝန်ယူ တာဝန် ခံတတ်ပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်စေရေး၊ ဆန်းသစ်တီထွင်နိုင်ရေး စသည့်အချက်များနှင့် ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများဖြစ်ရန် ပြုစုပျိုးထောင် လျက်ရှိပါကြောင်း၊ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် သင်ယူတတ်မြောက်မှု အရည်အသွေး ပိုမိုကောင်းမွန်လာစေရန် မည်မျှမှတ်သားနိုင်သည်၊ နားလည်နိုင်သည်၊ အသုံးချနိုင်သည်၊ သုံးသပ်ခွဲခြားနိုင်သည်၊ စိစစ်အကဲဖြတ်နိုင်သည်၊ တီထွင်ဖန်တီး နိုင်သည်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သဖြင့် ကိုယ်ပိုင်တွေးခေါ်သုံးသပ်မှုကိုလုပ်နိုင်ရန် လက်တွေ့ ကျကျ အနီးကပ်သင်ကြား သင်ယူလေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တစ်ဦးနှင့်တစ်ဦးပူးပေါင်းဆောင် ရွက်ကြပြီး မိမိတို့အားကောင်းသည့် နေရာများတွင် ပိုမိုအားကောင်းလာစေရေးနှင့် အားနည်းချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး အားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်၍ ကျောင်းသား ကျောင်းသူများ သင်ယူ တတ်မြောက်မှုအရည်အသွေး ကောင်းမွန်စေရေး ဦးတည်ဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ မူလတန်းနှင့် အလယ်တန်းအတွက် သင်တန်းတက်ရောက်သူ (၅၄၆)ဦးနှင့် ကွန်ပျူတာ သင်တန်းအတွက် သင်တန်းသား သင်တန်းသူ(၂၆၀) စုစုပေါင်း (၈၀၆)ဦး တက်ရောက် လျက်ရှိပြီး အောက်တိုဘာ ၁၃ ရက်မှ အောက်တိုဘာ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။



Bookmark the permalink.

Comments are closed.