တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဖောင်ဒေးရှင်း (China Foundation for Poverty Alleviation- CFPA) မြန်မာနိုင်ငံသံရုံးမှ ရေဘေးတွေ့ကြုံခဲ့ရသည့် ကျောင်းသား ကျောင်းသူများအား လွယ်အိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ


Date : 19 October, 2018

44277321_2145553692431139_4719481631608406016_n

GIFMaker.org_8S6QcV

နေပြည်တော် အောက်တိုဘာ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်း (China Foundation for Poverty Alleviation-CFPA) မြန်မာနိုင်ငံသံရုံးမှ ဆွာမြို့ရေဘေးသင့် ကျောင်းသားကျောင်းသူများအတွက် လွယ်အိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၉-၁၀-၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူခရိုင် ဆွာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရေတာရှည်မြို့နယ် ဆွာဒေသတွင် သြဂုတ်လ (၂၉)ရက်က ဆွာချောင်း ရေလှောင်တမံကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ အခြေခံပညာကျောင်းပေါင်း (၂၆၂)ကျောင်း ပိတ်ခဲ့ရပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပရဟိတအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအလှူရှင်များ အသီးသီးတို့က ထောက်ပံ့ကူညီပေးခဲ့ကြပါကြောင်း၊ ယခုအခါ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပြီး သင်ကြား သင်ယူရေး လုပ်ငန်းများ အရှိန်အဟုန် မပျက်ဆက်လက် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ယနေ့ CFPA Myanmar Office မှ အလှူရှင်များက ရေဘေးသင့်ဒဏ် ခံခဲ့ရသော အခြေခံပညာကျောင်းပေါင်း (၃၃)ကျောင်းမှ ကျောင်းသားကျောင်းသူ (၃၀ဝ၈)ဦးအတွက် လွယ်အိတ်နှင့် စာရေးကိရိယာ အစုံပေါင်း(၃၀ဝ၈)စုံ လှူဒါန်းသည့်အတွက် အထူးဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးအရည်အသွေး မြင့်မားရေးအတွက် ဆရာဆရာမများ အရည်အသွေး ကောင်းမွန်ရေး၊ သင်ရိုးညွှန်းတမ်း အရည်အသွေးကောင်းမွန်ရေး၊ သင်ကြားသင်ယူမှု နည်းစနစ် ကောင်းမွန်ရေးနှင့် ကျောင်းသား ကျောင်းသူများ အစဉ်လေ့လာ သင်ယူသူများဖြစ်အောင် အားပေးဆောင်ရွက် နေပါကြောင်း၊

ဆရာဆရာမများ၊ မိဘပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများဖြင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများ ဖြစ်စေရန်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်စေရန်၊ ဆန်းသစ်တီထွင်နိုင်စွမ်း ရှိစေရန် ပြုစုပျိုးထောင် ဆောင်ရွက်ပေးကြ ရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဖောင်ဒေးရှင်း မြန်မာသံရုံး၏ တာဝန်ခံဒါရိုက်တာ (Ms.Lin Yuan) မစ်လင်းယွမ်က လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် CFPA အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ရေတာရှည်မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းကြည်က ကျေးဇူးတင် စကားပြောကြားသည်။

ယင်းနောက် တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်းမြန်မာသံရုံးမှ လှူဒါန်းသော လွယ်အိတ်နှင့် ကျောင်းသုံး စာရေးကိရိယာများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ CFPA Myanmar Office မှတာဝန်ခံ ဒါရိုက်တာ မစ်လင်းယွမ်နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (တာဝန်)ဦးကိုလေးဝင်းတို့က လှူဒါန်းပေးအပ်ရာ ရေဘေးတွေ့ကြုံရသော ကျောင်းသားကျောင်းသူများက လက်ခံရယူသည်။

ထို့နောက် ဆွာရွာမ မူလွန်ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုကိုက ကျောင်းများကိုယ်စား ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှု လျော့ချရေးဖောင်ဒေးရှင်း(China Foundation for Poverty Alleviation-CFPA)သည် ၁၉၈၉ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်သည့် တရုတ်နိုင်ငံ အခြေစိုက်အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေး အသင်းအဖွဲ့တစ်ခုဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ကဏ္ဍများတွင် ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားပြီး မြန်မာနိုင်ငံရှိတက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်(၁၁) ခုတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၂၀ဝ)ဦးကို ”Paukphaw Scholarship Project” ပေါက်ဖော် ပညာသင်ဆုအဖြစ် လစဉ်ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာကဏ္ဍတွင် တောင်ကြီး၊ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆင်းရဲနွမ်းပါးသော မူလတန်းကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာများပါဝင်သည့် ကျောင်းလွယ်အိတ်များကို ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.