Certificate in Critical Thinking, Applied English and Microsoft Office Training Completion Ceremony


Date : 22 October, 2018

DSC_0028

 

GIFMaker.org_bqfX1x

နေပြည်တော်၊ အောက်တိုဘာ ၂၂
ပညာရေးဝန်ကြီးဌာန၏ Certificate in Critical Thinking, Applied English and Microsoft Office Training သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်းဖွင့်လှစ် နိုင်ရေးအတွက် ပံ့ပိုးမှုပေးသော ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၊ DANIDA နှင့် သင်ကြားပို့ချပေးသော International Leadership University-ILUမှ ဆရာများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အားသွန်ခွန်စိုက် မပျက်မကွက် တက်ရောက်ကြသော သင်တန်းသား သင်တန်းသူများကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် အရည်သွေး ရှိသော ပညာရေးရရှိစေရန် ဦးတည်ချက်ထားရှိပြီး အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင် ရေးကိုလည်း တစ်ပြိုင်နက်ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ပညာသင်ယူရာဌာနများအားလုံးမှ ပညာရေးဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများကို နိုင်ငံတော်ဘတ်ဂျက်အပြင် ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုရန်ပုံငွေ (Capacity Development Fund-CDF) ပံ့ပိုးမှုဖြင့် လေးနက်စွာ တွေးခေါ်မှု၊ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု၊ ကွန်ပျူတာအသုံးချနိုင်မှု စွမ်းရည်များ တိုးတက်စေရန် International Leadership University-ILU မှ ဆရာများက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့မှ အောက်တိုဘာလ (၂၁) ရက်နေ့အထိ ရက်သတ္တပတ် (၁၂) ပတ်သင်တန်း ဖွင့်လှစ်ပေးနိုင် ခဲ့ပါကြောင်း၊ ဦးစီးဌာနများမှ အရာထမ်း(၇၅)ဦးသည် အောင်မြင်စွာသင်တန်း တက်ရောက်နိုင်ခဲ့ ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ကျွမ်းကျင်မှုများရရှိကာ မိမိ၏လုပ်ငန်းခွင်တွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသူများ အနေနှင့် လေးနက်စွာ တွေးခေါ်မှုအရည်အသွေး၊ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအရည်အသွေး၊ ကွန်ပျူတာအသုံးချနိုင်မှု အရည်အသွေးများ ပြည့်ဝစွာရရှိပြီး ပညာရေးကဏ္ဍများမှာ စွမ်းဆောင်ရည် မြှင့်တင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သော အရည်အသွေးရှိသည့် ပညာရေးကို အကောင်အထည်ဖော် နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးတွင် ပါဝင်သူမျာအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ သင်တန်းပို့ချပေးသော Mr. Neil Macintyre နှင့် Mr. Richard Dare တို့က ကျေးဇူးတင်စကား ပြောကြားကြပါသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးချင်းစီအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.