(၁၀) ကြိမ်မြောက်အရှေ့တောင်အာရှ နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (10th ASED) ကျင်းပ


Date : 31 October, 2018

DSC03582

GIFMaker.org_vOIUsE

နေပြည်တော် အောက်တိုဘာ ၃၁

(၁၀)ကြိမ်‌မြောက်အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ပညာရေးဝန်ကြီးများ အစည်းအ‌ဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်၊ Kempinski Hotel ရှိ ဧရာဝတီခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကအမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ (၁၀)ကြိမ်မြောက် အရှေ့ တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် မြန်မာနိုင်ငံအတွက် အထူးအခွင့်အရေး တစ်ရပ်အဖြစ် ဂုဏ်ယူဝမ်း မြောက် မိပါကြောင်း။

ယခုကျင်းပသည့်(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် အရည်အသွေးရှိသော ပညာရေးနှင့် လေ့ကျင့်ရေးမှတစ်ဆင့် လုပ်သား ဈေးကွက်၏ လိုအပ်ချက်များပြည့်မီအောင် စွမ်းဆောင်နိုင်မည့် ကျွမ်းကျင်မှု စွမ်းရည်များရှိသော အရှေ့တောင်အာရှနိုင်ငံ များ၏ တစ်သက်တာသင်ယူသူများ၊ ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန်ဟူသော အဓိကအချက်ကို ဆွေးနွေးမည် ဖြစ်ပါကြောင်း။

အဆိုပါအဓိကအချက်သည် သက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်သက်တာ သင်ယူမှု အခွင့်အလမ်းများကို တိုးတက်စေရန် အာဆီယံလူ့အဖွဲ့အစည်းတွင် ဆက်စပ်ပါဝင်သူများအားလုံး အတူတကွပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျွမ်းကျင်မှုစွမ်းရည်ကို ပိုမိုတိုးတက်စေလိုခြင်း ဖြစ်ပါကြောင်း၊ ဆီမီယို (SEAMEO) ဦးစားပေးနယ်ပယ်(၇)ခု၏ ဆောင်ရွက်မည့် အစီအစဉ်များ၊ ၂၀၁၆-၂၀၂၀ အာဆီယံပညာရေး လုပ်ငန်းအစီ အစဉ်များ ရည်မှန်းချက်(၈)ခုနှင့် လုပ်ငန်းစဉျ(၇၀)၊ ဦးစားပေးနယ်ပယ်(၁၉)ခုတို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကောင်အထည် ဖော်နေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ပညာရေးသည် ဒီမိုကရေစီလမ်းစဉ်ကို အကောင် အထည်ဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ယခုလက်ရှိတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီပန်းတိုင် ရောက်ရန် မှန်ကန်သောလမ်းကြောင်းဖြင့် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများကို အကျဉ်းချုပ်တင်ပြလိုပါကြောင်း။

အရည်အသွေးရှိသော ပညာရေးစနစ်တစ်ခုကို ဦးတည်အကောင်အထည် ဖော်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနသည် (၂၀၁၆-၂၀၂၁) အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP)ကို ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနသည် ကျောင်းနေအရွယ် ကလေးများ အားလုံး ပညာသင်ယူခွင့် ရရှိစေရန်အတွက် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်စေရေး၊ ကျောင်းထွက်သူများ ပပျောက်ရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ခွဲခြားဆက်ဆံမှုမရှိစေရေး မူဝါဒများကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနသည် မူလတန်းနှင့် အလယ်တန်းအခမဲ့ ပညာရေးစနစ် အကောင်အထည်ဖော်ခြင်းဖြင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများကို စာဖတ်နိုင်စွမ်း၊ စာရေးနိုင်စွမ်း၊ တွက်ချက်နိုင်စွမ်းရှိပြီး အလယ်တန်းပညာ ဆက်လက်သင်ယူခွင့် ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရလဒ်တစ်ခုအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သူငယ်တန်း(KG) အသားတင်ကျောင်းဝင်နှုန်း (၉၈.၁%) ရှိခဲ့ပါကြောင်း။

ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာရေးကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်ပြီး KG+12 ပညာရေး စနစ်သစ်ကို စတင်ပြုပြင် ပြောင်းလဲကျင့်သုံး ခဲ့ပါကြောင်း၊ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲမှုကို JICA ၏ အကူအညီဖြင့် လည်းကောင်း၊ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း အသစ်ရေးဆွဲမှုကို အာရှဖွံ့ဖြိုးမှုဘဏ်နှင့် ဥရောပ သမဂ္ဂတို့၏ ပံ့ပိုးကူညီမှုဖြင့်လည်းကောင်း ရေးဆွဲလျက်ရှိပါကြောင်း၊ အဆိုပါ သင်ရိုးညွှန်းတမ်းအသစ်သည် အလွတ်ကျက်မှတ် သင်ယူခြင်းထက် (၂၁)ရာစုတွင် ရှိရမည့် ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှု မြင့်မားစေမည့် စွမ်းရည်များနှင့် နက်နဲစွာသင်ယှုလေ့လာမှု၏ ရလဒ်များကိုအားပေးသည့် သင်ခန်းစာများဖြင့် သင်ကြားသင်ယူခြင်း ဖြစ်ပါ ကြောင်း။

ပညာရေးဝန်ကြီးဌာန၏ ဦးစီးဌာနအသစ် တစ်ခုဖြစ်သည့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနသည် တစ်သက်တာ သင်ယူမှုနှင့် ကျောင်းပြင်ပ ပညာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည် တည်မြဲသော အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အတွက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး အရည်အသွေးကို အားကောင်းလာစေရန် GIZ, Swiss Contact နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စင်ကာပူ-မြန်မာသက် မွေးပညာဆိုင်ရာ လေ့ကျင့်ရေးကျောင်း (SMVTI) သည် စင်ကာပူနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းအပြင် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)သည် နည်းပညာ၊ သက်မွေးပညာလေ့ကျင့်ရေး သင်တန်းကျောင်းကို ရန်ကုန်မြို့၌ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိ ကျောင်းသား၊ ကျောင်းသူ များအတွက် ဆရာများ၏ အခန်းကဏ္ဍသည် ပဓာနကျသည်ကို ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် (၂)နှစ်သင် ပညာရေးကောလိပ်အားလုံးကို (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် မကြာမီ အဆင့် မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုနှင့် ICT ကျွမ်းကျင်မှုများ၊ အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တက္ကသိုလ်များတွင် အတွင်း အရည်အသွေးအာမခံမှု အားကောင်းစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဝေးသင်ပညာရေး၏ အရည်အသွေးနှင့် အုပ်ချုပ်မှုပုံစံများ ပိုမိုအားကောင်းစေရန် British Council နှင့် DFID ၏ SPHEIR အစီအစဉ်များဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သည့် သုတေသနအစီအစဉ်၊ ကျောင်းသား၊ ကျောင်းသူများအတွက် ရွှေ့ပြောင်းသင်ယူမှုအစီအစဉ်၊ တက္ကသိုလ်ဆရာ၊ ဆရာမများလဲလှယ်ရေး အစီအစဉ်များကို နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးဆောင်ရွက်ခြင်းဖြင့် အားကောင်းအောင် အားပေးဆောင်ရွက် လျက်ရှိသည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြားပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ကိုအားပေးဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။

(၁၀)ကြိမ်‌မြောက်အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ပညာရေးဝန်ကြီးများ အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက လည်းကောင်း၊ ပူးတွဲဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက လည်းကောင်း ဆောင်ရွက်ပြီး အစည်း အဝေးများကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့သည်။

အစည်းအဝေးတက်ရောက်လာကြသော အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများကို ပညာရေးဝန်ကြီးဌာနက Kempinski Hotel တွင် Gala Dinner ဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။



Bookmark the permalink.

Comments are closed.