(၁၀) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများရှိ ပညာရေးဝန်ကြီးများ၏ အစည်းအဝေးကျင်းပခြင်း


Date : 1 November, 2018

45256017_2153080405011801_2468392836874108928_n

GIFMaker.org_cDvR7M
နေပြည်တော် နိုဝင်ဘာ ၁
(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများရှိ ပညာရေးဝန်ကြီးများ၏ အစည်းအဝေးကို အောက်တိုဘာ၃၁ ရက်နေ့တွင်နေပြည်တော်Kempinski Hotel ၌ “အရည်အသွေးပြည့်ဝသော ပညာရေးနှင့်သင်တန်းများဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ တစ်သက်တာသင်ယူမှုကိုမြှင့်တင်ရန်” ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သဘာပတိအဖြစ် ဆောင်ရွက်သည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံအချင်းချင်း ပညာရေးပူးပေါင်းဆောင်ရွက်မှုများ၊ ဥရောပသမဂ္ဂ SHARE project ဖြင့်် ဥရောပသမဂ္ဂက အာဆီယံလူငယ်များအတွက် အထောက်အပံ့ပေးမှုများ၊ ပညာသင်ဆ အခွင့်အလမ်းများ၊ အာဆီယံဒေသများ ရင်ဆိုင်ရမည့် စတုတ္ထစက်မှုတော်လှန်ရေးက ယူဆောင်လာသည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ နည်းပညာ၊သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေး လုပ်ငန်းများ၊ အာဆီယံတစ်ဝန်းလုံးတွင် ဟန်ချက်ညီညီ တိုးတက်ရေးကိုရှေးရှုသည့် အာဆီယံနည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး(TVET) ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီဖွဲ့စည်းရေး၊ ကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ နည်းပညာနှင့်သက်မွေးပညာ လုပ်သားများ၏ အရည်အသွေးမြှင့်တင်ခြင်း (RECOTVET) အစီအစဉ်ဖြင့် ဂျာမနီ၊ ဆွစ်ဇာလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။
၄င်းအပြင် ကျောင်းပြင်ပရောက် ကလေးသူငယ်များနှင့် လူငယ်များအတွက် ပညာရေးမြှင့်တင်ရေး အာဆီယံကြေငြာချက်၊ အာဆီယံဒေသတွင်းရှိ ကလေးသူငယ်များနှင့် လူငယ်များအားလုံးအတွက် တန်းတူညီမျှသော ပညာရေးရရှိရေးအတွက် သဘောတူညီလုပ်ဆောင်မှုများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း အားလုံးပါဝင်သည့် အခြေခံပညာရေးအတွက် တန်းတူညီမျှသည့်မူဘောင် ပေါ်ထွန်းရေး၊ အာဆီယံဒေသတွင်း အားလုံးပါဝင်သော ပညာရေးနှင့် ကျောင်းပြင်ပရောက် ကလေးများနှင့် လူငယ်များအတွက် ပညာရေးမြှင့်တင်ရေးအတွက် အထောက်အပံ့များ၊ အသိပညာဖြန့်ဝေရေး၊ စာတတ်မြောက်ရေးနှင့် အတွက်အချက်ကျွမ်းကျင်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပညာရေးသည် နိုင်ငံတစ်နိုင်၏ ဖွံ့ဖြိုးမှုနှင့် ပြဿနာများကိုဖြေရှင်းရန်အတွက် အရေးပါသည့်အပြင် လူထုကိုအကျိုးပြုသော အာဆီယံအသိုက်အဝန်းတစ်ခု ဖော်ဆောင်ရာတွင် ဘေးကင်းလုံခြုံသောကျောင်းများ ဖော်ဆောင်ရေး လုပ်ငန်းများ၊ အရှေ့တောင်အာရှ မူလတန်းပညာသင်ကြားရေး စံသတ်မှတ်ချက်များ (SEA-PLM)နှင့် အာဆီယံဒေသတွင်း လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့်ပညာရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အထက်တန်းပညာရေး စနစ်တွင် အာဆီယံဆိုင်ရာ အသိအမြင်(ASEAN Awareness) ရရှိရေးအတွက် အင်စတီကျူးရှင်းများ ဖော်ဆောင်ရေး၊ ပထမအကြိမ် ပညာရေးဆိုင်ရာ အာဆီယံ-ရုရှားအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပွဲနှင့် ပညာရေးဆိုင်ရာ အာဆီယံ-တရုတ် ရှေ့လုပ်ငန်းစဉ်များကို ပြီးစီးအောင် ရေးဆွဲရေးတို့ကို ဆွေးနွေးကြသည်။
အစည်းအဝေးတွင် အာဆီယံအဖွဲ့အစည်းများဖြစ်ကြသည့် SEAMEO RIHED၊ Asian University Network (AUN)၊ ASEAN University Network/Southeast Asia Engineering Education Development Network (AUN/SEED-Net)၊ ASEAN Quality Assurance Network (AQUN)၊ ASEAN Qualifications Reference FrameworkCommittee (AQRF) နှင့် ASEAN Foundation (AF)တို့၏ အာဆီယံပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှု ရလဒ်များကို မှတ်တမ်းတင်ခဲ့သည်။
၂၀၂၀ခုနှစ်တွင် (၁၁)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၊ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။



Bookmark the permalink.

Comments are closed.