နည်းပညာ၊ သက်မွေးပညာကဏ္ဍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများ၏ ဘာသာရပ်ဆိုင်ရာညှိနှိုင်းအစည်းအဝေးနှင့် အဆင့်မြင့်ပညာကဏ္ဍ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ


Date : 2 November, 2018

1

GIFMaker.org_ncDgwH

 

နေပြည်တော် နိုဝင်ဘာ ၂

ပညာရေးဝန်ကြီးဌာနနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းများ၏ ဘာသာရပ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက် နံနက် ၇ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနား၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)အား ရေးဆွဲချမှတ်ခဲ့ပြီး အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် နည်းပညာနှင့် သက်မွေးပညာကဏ္ဍတို့တွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လူ့စွမ်းအားအရင်းအမြစ ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် ကျွမ်းကျင်နည်းပညာရှင် များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာအောင် လေ့ကျင့်ပြုစုပျိုးထောင် ပေးရန်နှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် သင်ရိုးညွှန်းတမ်းများ ရရှိနိုင်ရန် အရေးကြီးပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို သင်ရိုးညွှန်းတမ်းစံ သတ်မှတ်ချက် အညွှန်းဘောင်နှင့်အညီ ရေးဆွဲရမည်ဖြစ်ပြီး ဒေသနှင့်လိုက်လျောညီထွေမှုရှိသည့် ဒေသ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော သင်ရိုးညွှန်းတမ်းနှင့် သင်တန်းများကိုလည်း ရေးဆွဲရန် လိုအပ်ပါကြောင်း။ ထို့အပြင် နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေးကျောင်းများနှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှသာ သက်မွေးပညာရေး အောင်မြင်မှုများရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လုပ်ငန်းခွင်လက်တွေ့ပြုလုပ်သည့် အစီအစဉ်များ၊ ကျောင်းနှင့် စက်မှုလုပ်ငန်းများတွင် ဆောင်ရွက်ပြုလုပ်နိုင်သည့် အစီအစဉ်များအား နှစ်ဦးနှစ်ဘက် ပူးပေါင်းပါဝင်ရေးဆွဲရန် လိုအပ်ပြီး အကဲဖြတ်စစ်ဆေးမှုများသည် သင်တန်းများနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်အသီးသီးမှ ဘာသာရပ် ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ကျောင်းအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆွေးနွေးကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သော အဆင့်မြင့်ပညာကဏ္ဍ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် အောင်စာရင်းများအား နိုဝင်ဘာလအတွင်းထုတ်ပြန်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မတိုင်မီ ကျောင်းများ အပ်နှံခြင်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဌာနတွင်း၊ ကျောင်းတွင်းစည်းကမ်းများ ကောင်းမွန်အောင် လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် အင်္ဂလိပ်စာ အိုင်စီတီစွမ်းရည် မြင့်မားအောင်း ကြိုးစားနေကြရမည် ဖြစ်ပါကြောင်း၊ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် စာတမ်းဖတ်ပွဲများ ကျင်းပ၍ သုတေသနဂျာနယ်တွင် သုတေသနစာတမ်းများ ရေးသားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ၊ ပြင်ထိန်းလုပ်ငန်းစသည့် လုပ်ငန်းများကို သတ်မှတ်ထားသော ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ အဆိုပါအခမ်းအနားသို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.