ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင် အထောက်အထားပြုလေ့လာမှု ဒီဇိုင်းပုံစံပထမအကြိမ်ဆွေးနွေးပွဲကျင်းပ


Date : 3 November, 2018

8

GIFMaker.org_F0VKmV

နေပြည်တော် နိုဝင်ဘာ ၂

ဆရာများအတွက် တတ်ကျွမ်းမှုစံ သတ်မှတ်ချက်အညွှန်းဘောင် အထောက်အထားပြု လေ့လာမှု ဒီဇိုင်းပုံစံ ပထမအကြိမ်ဆွေးနွေးပွဲကို ၂-၁၁-၂၀၁၈ ရက်နေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် ရေးဆွဲရေးလုပ်ငန်းများတွင် နည်းပညာအကူအညီနှင့် ငွေကြေးအကူအညီပံ့ပိုးပေးသော ယူနက်စကို(မြန်မာ)၊ သြစတြေးလျအစိုးရ၊ ဖင်လန်အစိုးရ၊ ဗြိတိသျှအစိုးရများနှင့် သြစတြေးလျပညာရေး သုတေသနကောင်စီမှ အကြံပေးပညာရှင် Dr. Jen Jackson တို့အား ကျေးဇူးတင် ဝမ်းမြောက်ရပါကြောင်း၊ မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၄)ကို အကောင်အထည်ဖော်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဆရာအတတ်ပညာရေး ဦးစားပေးလုပ်ငန်းများ၊ ကျောင်းသားအားလုံး သင်ယူမှုရလဒ် တိုးတက်အောင် မြှင့်တင်ခြင်းလုပ်ငန်းများတို့တွင် ဆရာများကို အထူးအလေးထား အသိအမှတ်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ရေးဆွဲခြင်းကို အညွှန်းဘောင် ရေးဆွဲရေးအဖွဲ့ဝင်များဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းခွင် ဝင်စဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် မူကြမ်းအား အမျိုးသားပညာရေး မူဝါဒကော်မရှင်သို့ တင်ပြ၍ အကြံပြုချက်များ ရယူလျက်ရှိပါကြောင်း၊ လုပ်ငန်းအတွေ့အကြုံရှိ ဆရာများ၊ ကျွမ်းကျင်အဆင့်ရှိဆရာများ၊ ဦးဆောင်သူဆရာများအတွက် စံသတ်မှတ်ချက် အညွှန်းဘောင်ကို ဆက်လက်ရေးဆွဲနေဆဲဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ကဆောင်ရွက်လျက်ရှိသော အထောက်အထားပြု လေ့လာမှုလုပ်ငန်းစဉ်များတွင် ပံ့ပိုးပေးသည့် ယူနက်စကို (STEM Project, DFAT My-EQIP project) သြစတြေးလျ ပညာရေးသုတေသနကောင်စီတို့ကို ပညာရေးဝန်ကြီးဌာနအနေဖြင ့်ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော ပညာရှင်ဆရာကြီး၊ ဆရာမကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံ၏ သင်ကြား၊ သင်ယူမှုတိုးတက်ရေးကို ပံ့ပိုးပေးနိုင်မည့် အထောက်အထားပြု လေ့လာမှုလုပ်ငန်းအတွက် ဒီဇိုင်းရွေးချယ်ရာတွင် အကောင်းဆုံးဒီဇိုင်းကို ရွေးချယ် ပေးကြရန်နှင့် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ယူနက်စကို(STEM Project Team) နှင့်ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ဝမ်းမြောက်ရပါကြောင်း၊ ယနေ့ဆွေးနွေးပွဲအတွက် ငွေကြေးနှင့်နည်းပညာပံ့ပိုးပေးသော အလှူရှင်များနှင့် My-EQIP အားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။

 ထို့နောက် Ms.MinJeong Kim, Head of Office, UNESCO Myanmar နှင့် Ms.Esther Sainsbury, First Secretary, Australian Embassy တို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်မေစန်းရီက ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် နည်းပညာဆိုင်ရာ အထောက်အထားခိုင်မာမှု ဒီဇိုင်းပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၊ TCSF ပြုစုရေးလုပ်ငန်းစဉ် ဆရာတတ်ကျွမ်းမှုအညွှန်းဘောင်နှင့် ဆရာများအတတ်ပညာလမ်းကြောင်း ဆက်စပ်မှုအကြောင်းတို့ကို ရှင်းလင်းတင်ပြ၍ အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွန်းတမ်း ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပညာရေးအရည်အသွေးနှင့် အာမခံမှုအကဲဖြတ်ရေး ကော်မတီအဖွဲ့ဝင်များ၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ဆရာသမဂ္ဂကိုယ်စားလှယ်များ၊ ဖင်လန်သံရုံးကိုယ်စားလှယ်များ၊ သြစတြေးလျသံရုံးကိုယ်စားလှယ်များ၊ ဗြိတိသျှသံရုံး ကိုယ်စားလှယ်များ၊ ယူနက်စကို(မြန်မာ) ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.