အဝေးသင်ပညာရေးအတွက် တီထွင်ဆန်းသစ်ဖော်ဆောင်ခြင်းလုပ်ငန်း(TIDE) အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Date : 5 November, 2018

6

GIFMaker.org_yCOoJX

နေပြည်တော် နိုဝင်ဘာ ၅

အဝေးသင်ပညာရေးအတွက် တီထွင်ဆန်းသစ်ဖော်ဆောင်ခြင်းလုပ်ငန်း(TIDE) အလုပ်ရုံဆွေးနွေးပွဲကို ၅-၁၁-၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းတွင် သင်ကြားရေး၊ စာကြည့်တိုက် ၊သတင်းအချက်အလက်နည်းပညာနှင့် သင်ထောက်ကူဆိုင်ရာ အစိတ်အပိုင်းများပါဝင်ပြီး သင်တန်းတက်ရောက်သူ များအားအဝေးသင်ပညာရေးတွင် ပညာရေးဆိုင်ရာ နည်းပညာအသုံးချမှုစွမ်းရည် မြှင့်တင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အဝေးသင်ပညာရေး သင်ထောက်ကူများကို လေ့လာဆန်းစစ်ခြင်းနှင့် ပြန်လည်ဖော်ဆောင်ခြင်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုအဝေးသင်ပညာရေးဆိုင်ရာ သင်ထောက်ကူ များသည် ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ သင်ထောက်ကူများ ဖော်ဆောင်ရာတွင် အပြန်အလှန် သင်ကြားသင်ယူ၍ ပူးပေါင်းဆောင်ရွက်နိုင် ရန်နှင့် အဝေးသင်ပညာရေးဆိုင်ရာ နည်းလမ်းများနှင့် အလေ့အကျင့်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ TIDE Program သည် တက္ကသိုလ်များတွင် ပြုလုပ်မည့် အဝေးသင်သင်တန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုမည် ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်သီတာဝင်းနှင့် Open University မှ Academic Director, Professor Andy Lane တို့က အမှာစကားပြောကြားသည်။

ယနေ့အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်နှင့် ပြည်တက္ကသိုလ်တို့မှ TIDE သင်တန်းသားများအား Manchester University, Oxford University, Open University နှင့် Irrawaddy Policy Exchange တို့မှ နည်းပြများက သင်တန်းပို့ချခြင်း အလုပ်ရုံဆွေးနွေးခြင်းများကို ၅-၁၁-၂၀၁၈ မှ ၉-၁၁-၂၀၁၈ အထိကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ် အင်းဝ(၉) အဆောင်တွင်ကျင်းပ ပြုလုပ်သော မန္တလေးတက္ကသိုလ်ပင်မဆောင် ပြုပြင်မွမ်းမံခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် (၅)ထပ် စာသင်ဆောင် အဆောက်အဦ တည်ဆောက်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ်ပြီးလျှင် မန္တလေးတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် တက္ကသိုလ်များဖြစ်ပါကြောင်း တက္ကသိုလ်များအား အာဆီယံအဆင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များတွင် နှစ်စဉ်အဆင့် တိုးတက်အောင် ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်တွင် အရည်အသွေးရှိသော ဆရာရာမများရှိရန် အရေးကြီးပါကြောင်း၊ ဆရာဆရာမများ အနေဖြင့်ဒေသအကျိုးပြု အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားကြရန်လိုအပ်ပါကြောင်း တက္ကသိုလ်တွင်ရုပ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်ရေး စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်ရေးအတွက် အင်တိုက် အားတိုက်မြှင့်တင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရုပ်ပိုင်းဆိုင်ရာတွင်လည်း မိမိတို့ဒေသယဉ်ကျေးမှု အမွေအနှစ်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများ ထည့်သွင်းစဉ်းစား၍ တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းဦးနှင့် အလုပ်အမှုဆောင် ဦးဝင်းသန်းတို့က အဆောက်အဦ တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ယနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်နှင့် တက္ကသိုလ်ဆရာဆရာမများ၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.